ခွင့်ပြုချက်မရှိပဲ ဓာတ်ဆီဆိုင်ဖွင့်မှု မန္တလေးမြို့ခံတွေ ကန့်ကွက်
2013.02.23

မန္တလေးမြို့လယ်၊ ၂၅လမ်းနဲ့ ၈၆-၈၇ လမ်းကြားမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ ခွင့်မပြုတဲ့ကြားက ဖွင့်လှစ်ခဲ့တဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်ကို ကန့်ကွက်တဲ့အနေနဲ့ မြို့ခံလူတစ်စုက ၂၅ လမ်းတလျှောက်က အိမ်တွေ၊ ဈေးဆိုင်တွေမှာ ဒီကနေ့ ဗီနိုင်း ပိုစတာတွေကို လိုက်လံချိတ်ဆွဲခဲ့ကြပါတယ်။
အဲဒီလို ဆောင်ရွက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ရေး ဦးစီးဆောင်ရွက်နေသူ ဦးမောင်မောင်သန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ၁၉၈၁ မီးရယ်၊ အဲ့ရှေ့က ကျွန်တော်တို့ မမှီလိုက်တဲ့ မီးရယ် ၂ ကြိမ်လောင်ဖူးပါတယ်၊ အဲ့တော့ အားလုံးက ပြန်လည်ထူထောင်ရေးအနေနဲ့ ပြန်ပြန်လုပ်နေရပါတယ်၊ အားလုံးက ဓာတ်ဆီရောင်းခြင်း ဓာတ်ဆီဆိုင်ဖွင့်ခြင်းကို ကန့်ကွက်ကြောင်း မီဒီယာတွေခေါ်ပြီး ရှင်းလင်းတာပါ"
အခုလို ဓာတ်ဆီဆိုင်ဖွင့်လှစ်နေတာကို ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်ပြီးနောက် နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးဌေးဦးက လက်မှတ်ရေးထိုးပြီး ခွင့်မပြုကြောင်း အကြောင်းပြန်ခဲ့ပေမယ့် အမှန်တကယ် လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် အခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဓာတ်ဆီဆိုင်ကို ဦးဝဏ္ဏဆိုသူ ပိုင်ဆိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ ပိုစတာတွေ လျှောက်ချိတ်ကြတဲ့အပြင် ကန့်ကွက်သူတွေက မန္တလေး မြို့တော်ဝန်ရုံးကို လူကိုယ်တိုင် သွားရောက်ပြီး ကန့်ကွက်စာပေးပို့ခဲ့ပြီး အဲဒီကန့်ကွက်စာကို သက်ဆိုင်ရာ အာဏာပိုင်တွေကိုလည်း လိပ်မူပေးပို့ခဲ့တယ်လို့ သိရပါတယ်။