ဂန့်ဂေါမှာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသတ်ဖြတ်ခံရပြီး နေအိမ်သုံးရာကျော် မီးရှို့ခံရ
2024.05.17

မကွေးတိုင်း ဂန့်ဂေါမြိုနယ် ရွှေဘိုရွာနဲ့ မြင်သာရွာကို မေလ ၁၆ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းပြီး ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့သလို နေအိမ်သုံးရာကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုရွာက အသက် ၆၀ အရွယ် ဦးသာနွယ်နဲ့ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အဲဒီရွာက နေအိမ်သုံးရာခန့်နဲ့ မြင်သာရွာက နေအိမ် ၁၄ လုံး မီးရှို့ခံရတာလို့ ဆိုပါတယ်။
ရွှေဘိုရွာနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ အထိုင်ချထားတဲ့ မြောင်ခင်ရန်းရွာကနေ အင်အား ၂၅၀ ခန့်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွှေဘိုရွာက အိမ်ခြေ သုံးရာခန့် လောင်သွားတယ်။ အဲဒီမှာ အသက် ၆၀ ကျော်အရွယ်ကို ခေါင်းဖြတ်သတ်သွားတယ်။ နောက် ၉ နှစ်အရွယ် ကလေးအလောင်းလည်း မီးလောင်ကျွမ်းလျက် တွေ့ရတယ်”
အဲဒီနေ့က စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ရွှေဘိုရွာကို ဝင်ရောက်မီးရှို့တာလို့ ဂန့်ဂေါခရိုင် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာကျော်က RFA ကို ပြောပါတယ်။
“ရွှေဘိုရွာကို ဝင်ရောက်လာတယ်။ ရွှေဘိုနားမှာ PDF တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေပေါ့နော်။ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာ သူတို့က ရွှေဘိုကျေးရွာကို ဝင်တယ်။ ပြီးတော့ အိမ်တွေ မီးရှို့တယ်ပေါ့နော်”
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တချို့လည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သူက ဆိုပါတယ်။
ပျူစောထီး အားကောင်းတဲ့ မြောက်ခင်ရန်းရွာအနီးက အိမ်ခြေ ခြောက်ရာခန့်ရှိတဲ့ ရွှေဘိုရွာဟာ အခုတစ်ကြိမ်နဲ့ဆိုရင် မီးရှို့ခံရတာ သုံးကြိမ်အထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ ရွှေဘိုအပါအဝင် သင်တောရွာနဲ့ မြင်သာရွာက ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
Data for Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်း နေအိမ်ပေါင်း ကိုးသောင်းနီးပါး (၈၈,၃၇၃ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။