ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ

အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ ခေါင်းဆောင် ဦးဂမ္ဘီရ အပါအဝင် မဂ္ဂင်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော် ငါးပါးကို ပြစ်မှု ကျူးလွန်နေတဲ့ ရဟန်းတော်များဟု သုံးနှုန်းပြီး ဇန်နဝါရီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က စာထုတ် ဆင့်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

2012.01.26
maggin-monestry-b305 ၂ဝဝ၇ ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီး စစ်အစိုးရ အာဏာပိုင်များ ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး ချိပ်ပိတ် သော့ခတ်ခဲ့သည့် မဂ္ဂင်ကျောင်းတိုက်ပုံ ဖြစ်ပါသည်။
Burma VJ Media Network

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ တတိယ အဖွဲ့ခွဲရဲ့ ဇန်နဝါရီ ၂၅ ရက်က ကျင်းပတဲ့ သတ္ထမအကြိမ် ပထမ အထူး အစည်းဝေးပွဲကြီးက ဆုံးဖြတ် အပြီး သံဃာတော် ငါးပါးကို ဆင့်ခေါ်ခဲ့တာပါ။ ဒီဆင့်ခေါ်စာကို ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်မှ လက်ဝယ်ရရှိခဲ့တယ်လို့ ဦးဣဿရိယက မိန့်ပါတယ်။

စာမှာ ပြစ်မှုကျူးလွန်တဲ့ ရဟန်းတွေလို့ သုံးနှုန်းထားပြီး သံဃာ့ နာယက အဖွဲ့ တွဲဘက် အကျိုးတော်ဆောင် ဆရာတော် လက်မှတ်ထိုးကာ မနက်ဖြန် လာပြီး ဖြေရှင်းဖို့ ပင့်ထားကြောင်း မိန့်ပါတယ်။

ဦးဂမ္ဘီရ အပါအဝင် သံဃာငါးပါး သီတင်းသုံး နေထိုင်တဲ့ မဂ္ဂင်ကျောင်းတိုက်ဟာ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီး ချိတ်ပိတ်ထားခဲ့တဲ့ ဘုန်းကြီးကျောင်း ဖြစ်တဲ့ အတွက် ဘုန်းကြီးကျောင်းကို ဖွင့်ပြီး သီတင်းသုံး နေထိုင်တဲ့ ကိစ္စနဲ့ ပတ်သက်နိုင်ကြောင်း၊ ပြေလည်အောင် ညှိနိုင်းသွားမှာ ဖြစ်ကြောင်း ဦးဣဿရိယက မိန့်ပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ဆင့်ခေါ်ခြင်းခံရတဲ့ ဦးဂမ္ဘီရ အပါအဝင် သံဃာတော် ငါးပါးလုံးဟာ အခုလ ၁၃ ရက်က နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်တွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။