တိုင်းပြည်တိုးတက်ရေး စုပေါင်းကြိုးပမ်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2011.12.30

ဒီပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ တိုင်းရင်းသားဒေသများ ငြိမ်းချမ်းတည်ငြိမ်ရေး ဖွံ့ဖြိုး တိုးတက်ရေးတွေအတွက် စုပေါင်းကြိုးစားဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့စကားနဲ့ ပတ်သက်ပြီး ပွဲတော် ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ခုလို ပြောပါတယ်။
“ဗမာပြည်ဟာ ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အနေအထားမှာ အများကြီး ရှိနေတဲ့အတွက် အားလုံးဟာ ကြိုးစားရလိမ့်မယ်။ အနုပညာရှင်တွေ ပူးပေါင်းပါဝင်မှုကို အထူး ကြိုဆိုတယ်။ ပြည်သူတွေ ပါဝင်မှုကိုလည်း အထူး ကြိုဆိုတယ်။ အလင်းရောင် ရရှိဖို့အတွက် ဖယောင်းတိုင် ကလေးများ ထွန်းသလိုပဲ တစ်တိုင်ထွန်းရင် တစ်ခုလင်းသလို အတိုင်ပေါင်း မြောက်မြားစွာ ထွန်းတဲ့အခါ အလင်းရောင် ပိုရတယ်။ ဗမာနိုင်ငံအတွက် အလင်းရောင်များ ပိုမို တောက်နိုင်အောင် အားလုံးကနေပြီး ကြိုးစားရမယ်ဆိုတဲ့ တကယ့် အခြေခံကျတဲ့ ငြိမ်းချမ်းရေးဆိုတဲ့စကားတွေကို အဓိကထားပြီး ပြောသွားပါတယ်”
ဂီတပွဲတော်မှာ မင်းဓမ္မကွင်းအတွင်း ဆိုင်ခန်းပေါင်း ၁၀၆ ခန်း ဖွင့်ပြီး ရန်ပုံငွေ ဈေးရောင်းချသလို ဂီတနဲ့ ရုပ်ရှင် ပညာရှင်တွေကလည်း တေးသီချင်းတွေ သီဆို ဖျော်ဖြေပါတယ်။ ဂီတပွဲတော် ဖွင့်လှစ်တဲ့ ညနေ ၄ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်က ဂီတပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ကျပ် သိန်း ၃၀ နဲ့ ၃၅ သိန်း လှူဒါန်းသူ အလှူရှင် ၄ ဦးကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ပါတယ်။ ဒါ့အပြင် ရန်ပုံငွေအတွက် ဆက်လက် လှူဒါန်းလျက်ရှိရာမှာ ညနေ ၆ နာရီအထိ ထပ်မံရရှိတဲ့ အလှူငွေ ၁၅ သိန်း ကျော်ပြီလို့ ဦိးလှသိန်းက ပြောပါတယ်။
ဒီပွဲတော်မှာ တက်ရောက်လာသူပရိသတ် သောင်းနဲ့ချီပြီး လာရောက်ဖျော်ဖြေတဲ့ အနုပညာရှင် တစ်ရာကျော်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။