တနိုင်းမှာ စက်သုံးဆီ တစ်လီတာ ကျပ်တစ်သောင်းကျော်ထိ စျေးတက်
2023.07.12

ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ ဇူလိုင်လဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် စက်သုံးဆီ တစ်လီတာကို ကျပ်တစ်သောင်းတစ်ထောင်ထိ စျေးမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က တနိုင်းမြို့ အဝင်အထွက် ဂိတ်တွေမှာ စက်သုံးဆီ သယ်ယူတာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးပိတ်ပင်နေပြီး စက်သုံးဆီ ရှားပါးလာတာကြောင့် အခုလိုစျေးတက်လာတာလို့ ဆိုပါတယ်။
စက်သုံးဆီဈေး အဆမတန် မြင့်တတ်လာတာကြောင့် နေ့စဉ်သွားလာရေးမှာ အခက်အခဲ ဖြစ်လာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
"အခုက လယ်စိုက်ချိန်ဆိုတော့ ဆိုင်ကယ်တစ်စီးကို လေးယောက်လောက် ပေါင်းစီးပြီး သွားရတယ်။ ဈေးသွားဈေးလာဆိုလည်း ခြေလျင်ပဲ သွားကြတော့တယ်။ တစ်ဂါလံ ၄၂၀၀၀ပေးရတာတောင်မှ လိုသလောက် ဝယ်မရဘူး"
တနိုင်းမြို့က စက်သုံးဆီဆိုင် အားလုံးနီးပါးလည်း ဆီပြတ်လပ်နေတယ်ဆိုတဲ့ စာတမ်းချိတ်ဆွဲကာ အများစုက ဆိုင်ပိတ်ထားကြတယ်လို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇူလိုင် ၁၂ ရက် ဒီနေ့ရဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွက် စက်သုံဆီ ရည်ညွှန်းစျေးနှုန်းက ကျပ် ၂၁၀၀ နဲ့ ၂၃၀၀ ကြားမှာပဲရှိတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက် ရွှေနဲ့ ပယင်း တရားမဝင်တူးဖော်မှုတွေ အမြောက်အများရှိနေတဲ့ တနိုင်းမြို့အပါအဝင် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ကိုလည်း စစ်ကောင်စီက စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေကို မကြာခဏ ကန့်သတ်ပိတ်ပင်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။