FTUB အထွေထွေ အတွင်းရေးမှူး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ဟာ ၂၄ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။

2012.09.04
ftub-u-mg-mg-arrive-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသော FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို ကြိုဆိုသူများနှင့်အတူ တွေ့ရစဉ်။
RFA

သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ အပြောင်းအလဲတွေ ရှိလာတာကြောင့် FTUB အဖွဲ့အနေနဲ့ နိုင်ငံတကာ အဆင့်အတန်းမီ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်း ထူထောင်နိုင်ရေးအတွက် ကူညီမယ်လို့ ဦးမောင်မောင်က ရန်ကုန်မင်္ဂလာဒုံ လေဆိပ်မှာ သတင်းထောက်တွေကို ပြောကြားပါတယ်။

"သမ္မတကြီးနဲ့ပေါ့နော်။ အစိုးရက အပြောင်းအလဲ လုပ်တယ်။ အပြောင်းအလဲ လုပ်တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ကလည်း ဒီအပြောင်းအလဲကို ကျွန်တော်တို့ မြင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံတိုးတက်ဖို့ လုပ်တဲ့နေရာမှာ ဘာတွေဝိုင်းကူ လုပ်လို့ရမလဲဆိုပြီး ကျွန်တော်တို့ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတဲ့နောက်မှာ ကျွန်တော်တို့ ပြန်လာဖို့ ဖိတ်ခေါ်တဲ့ အချိန်မှာ ကျွန်တော်တို့ ပြန်လာတယ်။ ဆိုတော့ လက်တွဲပြီး ရှေ့ ဗမာပြည် တိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့ ကိစ္စကို ကျွန်တော်တို့ လုပ်သွားဖို့ ပြန်လာတာပါ။ ကျွန်တော်တို့ အဓိက အလုပ်သမားတွေကိစ္စ၊ အလုပ်သမားသမဂ္ဂအခု ဖွဲ့စည်းပုံ အခြေအနေပေးလာပြီ။ အဲတာကို ကျွန်တော်က အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂတွေနဲ့ အဆင့်အတန်းမီအောင် ဝိုင်းဝန်း တတ်နိုင်သလောက် ကူလုပ်ဖို့ ကျွန်တော်စဉ်းစားထားပါတယ်။ စီစဉ်ထားပါတယ်"

FTUB ခေါင်းဆောင် ဦးမောင်မောင်ဟာ ဒီကနေ့ နေ့လည်မှာ အလုပ်သမား အခြေခံသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ အင်းစိန် မီးရထားစက်ခေါင်း အလုပ်သမားအခြေခံ သမဂ္ဂအဖွဲ့၊ ဆာကူရာအထည်ချုပ် အလုပ်သမား အခြေခံသမဂ္ဂအဖွဲ့၊ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားအခြေခံ သမဂ္ဂအဖွဲ့၊ တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားအခြေခံ သမဂ္ဂအဖွဲ့၊ ရွှေမိ ပလပ်စတစ်စက်ရုံ အလုပ်သမားအခြေခံ သမဂ္ဂအဖွဲ့၊ ပဲခူးမြို့ စိုက်ပျိုးရေးအခြေခံ သမဂ္ဂအဖွဲ့ စတဲ့ အဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းမှာရှိတဲ့ ရှေ့နေတစ်ဦးရဲ့ ရုံးခန်းမှာ တွေ့ဆုံပြီး မြို့နယ်အဆင့် အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေ ပေါ်ပေါက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

မြန်မာပြည်မှာ ရှိနေစဉ်အတွင်း ဦးမောင်မောင်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရည်ရွယ်ထားပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ဖွဲ့စည်းထားတဲ့ အခြေခံ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

FTUB ခေါင်းဆောင် ဦးမောင်မောင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။ နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။