မြန်မာကို ဦးစားပေး အခွန်လျှော့နိုင်ငံ အဖြစ် ပေးအပ်ဖို့ အချိန်မကျသေး
အမေရိကန်၊ အီးယူ၊ ကနေဒါ စတဲ့ ချမ်းသာတဲ့ နိုင်ငံတွေ အနေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ GSP အစီအစဉ် အရ အခွန်လျှော့ပေးတဲ့ အထွေထွေ ဦးစားပေး အခွင့်အရေးတွေကို မြန်မာနိုင်ငံကို ပေးအပ်ဖို့ မသင့်လျော်သေးကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
-
2011-09-19 -
-
-
မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားခိုင်းစေမှု၊ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ ငွေကြေး ခဝါချမှုတွေ အပါအဝင် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း FTUB အဖွဲ့က ဒေါက်တာ ဇော်ဝင်းအောင်က ပြောပါတယ်။
အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ဆိုးဆိုးဝါးဝါး ရှိနေကြောင်း လေ့လာ တွေ့ရှိရတာကြောင့် မြန်မာ နိုင်ငံကို ယခင်က ပေးအပ်ခဲ့တဲ့ GSP အထွေထွေ ဦးစားပေး သက်ညှာခွင့်တွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ၁၉၉၇ ခုနှစ်က စလို့ ရပ်ဆိုင်းထားခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်နဲ့ ကနေဒါ အစိုးရတွေကလည်း ရှေ့ဆင့် နောက်ဆင့် ဆိုသလို မြန်မာ နိုင်ငံကို ပေးအပ်နေတဲ့ GSP အခွင့်အရေးတွေကို ရုပ်သိမ်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ဥပဒေ ပြဋ္ဌာန်းရေး အတွက် လွှတ်တော်မှာ ဆွေးနွေးနေပေမယ့် သိသာ ထူးခြားတဲ့ အပြောင်းအလဲတွေ မမြင်ရသေးကြောင်း၊ ဒီအခွင့်အရေးတွေ ပေးအပ်ခဲ့မယ်ဆိုရင် အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေကိုပဲ အကျိုးရှိစေမှာ ဖြစ်ကြောင်း ဒေါက်တာ ဇော်ဝင်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားတွေ အပါအဝင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ကြောင်း မိမိတို့အနေနဲ့ ခံယူပေမယ့် ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် အစိုးရက လုပ်ဆောင်နေသော အဓမ္မ လုပ်အားပေး စေခိုင်းမှုတွေ မရှိဖို့ လိုအပ်ပြီး လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းနိုင်ခွင့်ရှိဖို့ လိုအပ်ကြောင်း ဒေါက်တာ ဇော်ဝင်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံကို ကုန်သွယ်ရေးမှာ GSP အထွေထွေ ဦးစားပေး အခွင့်အရေးတွေကို ပေးအပ်ရေး အတွက် နိုင်ငံတွင်းက အခြေအနေတွေကို အသေးစိတ် လေ့လာ သုံးသပ်သင့်တယ်လို့လည်း FTUB အဖွဲ့က ပြောပါတယ်။