ရခိုင်အတွက် ပြင်သစ်က ယူရို ၂ သိန်း ထပ်မံလှူဒါန်း


2016.11.22
maungtaw-refugees-620.jpg ရခိုင်ပြည်နယ် မောင်တောမြို့ကနေ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူတွေကို စစ်တွေမြို့ ဓညဝတီအားကစားကွင်းက ရွက်ဖျင်တဲတွေမှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၂ဝ ရက်နေ့က နေရာချပေးစဉ်
Photo: Min Thein Aung/RFA

ပြင်သစ်အစိုးရက ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီအဖြစ် ရှိပြီးသားပံပိုးမှုတွေ အပြင် ယူရိုငွေ ၂ သိန်း ထပ်မံလှူဒါန်းမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ မောင်တောဒေသက ထွက်ပြေးလာ တဲ့ ဒုက္ခသည်တွေကို ကူညီရေးအတွက် အဲဒီပံပိုးမှုတွေကို ရခိုင်ပြည်နယ်ရှိ ပြင်သစ်လူမှုရေးအဖွဲ့တခုကတဆင့် ပေး အပ်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို မိမိတို့ သတိထားစောင့်ကြည့်နေတယ်လို့ လည်း ပြင်သစ်အစိုးရရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်း လန်ဒန်မြို့ကလာတဲ့ သတင်းတပုဒ်အရ Burma Campaign UK ခေါ် မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရ ထံ မေတ္တာရပ်ခံတဲ့စာတစောင်ကို လန်ဒန်မြို့ရှိ မြန်မာသံရုံးကို မနေ့က သွားရောက်ပေးအပ်ခဲ့ပါတယ်။  လူသုံးထောင်ကျော် လက်မှတ်ထိုးထားတဲ့ အဲဒီ ပန်ကြားစာမှာ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက် အတိုင်း ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို စုံစမ်းစစ်ဆေးဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို ဖျက်သိမ်းဖို့၊ မောင်တောဒေသကို နိုင်ငံတကာအဖွဲ့အစည်းတွေ သွားရောက်ကူညီခွင့်ပြုဖို့နဲ့ အမုန်းစကားပြောကြား မှုတွေကို လိုအပ်သလို အရေးယူဖို့ ဖေါ်ပြထားပါတယ်။

Burma Campaign UK  မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ ညွန်ကြားရေးမှူး Mark Farmaner မာ့က် ဖားမနာ က မြန်မာစစ်တပ်ဟာ သူတို့ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို နိုင်ငံတကာ ဝေဖန်အရေးယူ မှုတွေကနေ ကာကွယ်ဖို့အတွက် အာဏာရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒိုင်းတခုတဖွယ် အသုံးချနေတယ်လို့ ပြောကြားလိုက်ပါတယ်။

မနေ့က တနေ့တည်းမှာပဲ ဘန်ကောက်ကလာတဲ့ သတင်းတပုဒ်မှာတော့ ထိုင်းနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် အဖွဲ့အစည်းတွေက ဦးစီးပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေရပ်ဆိုင်းဖို့ ငြိမ်းချမ်းစွာ တောင်းဆိုမယ့် လူထုစုဝေးပွဲတခုကို ဘန်ကောက်မြို့မှာ နိုဝဘာၤလ ၂၅ ရက်နေ့ ကျင်းပမယ်လို့ ဖေါ်ပြထားပါတယ်။

ဗလီတခုမှာ လာမယ့်သောကြာနေ့ ဝပ်ပြုပွဲအပြီး ကျင်းပမယ့် အဲဒီစုဝေးပွဲကနေ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို သဝဏ်လွှာတစောင် ပေးပို့မယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။