သတင်းထောက်အားလုံး လွတ်မြောက်ရေး ဆူးလေဘုရားမှာ ဆုတောင်း


2014.04.29
reporter-free-305 ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်ရေး ဧပြီလ ၂၉ ရက်နေ့က ဒီမိုကရေစီအင်အားစုအဖွဲ့က ရန်ကုန်မြို့ ဆူးလေဘုရားနားမှာ တောင်းဆိုဆန္ဒပြစဉ်
photo: Myo Zaw Ko, Thin Thin Htet/RFA

ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက် ကိုဇော်ဖေအပါအဝင် ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်ဖို့အတွက် ဒီမိုကရေစီအင်အားစုအဖွဲ့က ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဒီကနေ့ ညနေပိုင်းက ဆုတောင်းခဲ့ကြပါတယ်။

သတင်းမီဒီယာသမားတွေ ဖမ်းဆီးထောင်ချခံရတာတွေ ကို ဒီမိုကရေစီ အင်အားစုအဖွဲ့အနေနဲ့ ကန့်ကွက်တယ် လို့ ဒီကနေ့ ဆုတောင်းပွဲကို ဦးဆောင်ခဲ့တဲ့ ဒီမိုကရေစီ အင်အားစုအဖွဲ့က ဦးသန်းဆွေ ကပြောပါတယ်။

"လက်ရှိအနေအထားမှာ မီဒီယာကလူကို ထောင် ချခြင်းအားဖြင့် နောက်ထပ်မီဒီယာတွေကို နောင် မလုပ်ရဲအောင် နှိပ်ကွပ်တယ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပြောတယ်၊ စတုတ္ထမဏ္ဍိုင်ဆိုတာ ပီပီပြင်ပြင် သရုပ်ဖော်နေတဲ့အချိန်မှာ ဒီလိုမျိုးနှိပ်ကွပ်နေတယ်၊ Unity ဂျာနယ်ကလည်း ငါးယောက်ဖမ်းထားတယ်၊ အဲဒီအပြင် Eleven မီဒီယာက မခိုင်ကိုလည်း ထောင်ချလိုက်တယ်၊ ဒီကြားထဲမှာလည်း တချို့မီဒီယာတွေကို ဌာနဆိုင်ရာတွေထဲ ပေးမဝင်တာတွေရှိတယ်၊ သတင်းထောက်တွေကို အဲလိုနှိပ်ကွပ်တဲ့ဟာ ကို ကျနော်တို့ ဒီမိုကရေစီအင်အားစုအနေနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးပါလို့ တောင်းဆိုတယ်"

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် မြို့တော်ခန်းမရှေ့ မှာ ကြေညာချက် ဖတ်ကြားခဲ့ပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက် ကိုဇော်ဖေကို မကွေးတိုင်းတရားရုံးက ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနောက်ယှက်မှုတို့နဲ့ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီ အင်အားစုအဖွဲ့ဟာ သတင်းထောက် ကိုဇော်ဖေအပါအဝင် ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်ဖို့ ဆုတောင်းခဲ့တဲ့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေ ဖြိုခွဲခံရတဲ့ ၁၇ လပြည့် အထိမ်းအမှတ်နဲ့ မီးလောင်ဗုံးတရားခံတွေ ဖော်ထုတ်ပေးဖို့နဲ့ လက်ပံတောင်းတောင်စီမံကိန်းကို ကန့်ကွက်ဆန္ဒပြလို့ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့ဆိုတဲ့ အချက်တွေပါတဲ့ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။