နာရေးကူညီမှုအသင်း ၁ဝ နှစ်ပြည့် အခမ်းအနား ကျင်းပ
2011.04.23

အခမ်းအနားကို မနက် ၉ နာရီမှာ စတင်ခဲ့ပြီး လူမှုရေးအသင်း ဖြစ်ပေါ်လာအောင် တိုက်တွန်းခဲ့တဲ့ ရုပ်ရှင်အနုပညာရှင်၊ ကွယ်လွန်သူ ဦးသုခ ရဲ့ ရုပ်တုဖွင့်ပွဲကိုလည်း တပါတည်း ကျင်းပခဲ့ပါတယ်။
ဒီကနေ့ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး၊ ကိုကျော်သူတို့ရဲ့ လူမှှု ကူညီထောက်ပံ့ရေး လုပ်ငန်းတွေအတွက် အလှူငွေ အမေရိကန် ဒေါ်လာ တသောင်း ငါးထောင်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်းသွားခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုကျော်သူက အခုလို ပြောပါတယ်။
“အမှန်တော့ ၁ဝ နှစ်ပြည့်က ဇန်နဝါရီလ ၁ ရက်နေ့က ပြည့်တာပါ။ နာရေးကူညီမှုအသင်း ရုံး အဆောက်အဦး ပြီးတာကို စောင့်နေတာနဲ့ ဒီနေ့မှ လုပ်ဖြစ်သွားတာပါ။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မျက်စိခွဲခန်းအတွက် ဒေါ်လာ ၁ သောင်းခွဲ လာရောက် လှူဒါန်းပါတယ်။ လာလှူဒါန်းတဲ့အတွက်လည်း ကျေးဇူး အများကြီး တင်တယ်။ ပြီးတော့ ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်ပေးလိုက်တဲ့ အတွက် ကျနော် အများကြီး ကျေးဇူးလည်းတင်တယ်၊ ဝမ်းလည်းသာတယ်၊ ဂုဏ်လည်း ယူပါတယ်”
လွန်ခဲ့တဲ့ ၁ဝ နှစ်က နာရေးကူညီမှုအသင်းနဲ့ စတင်ခဲ့ပြီး အခုအခါ လူမှု ကူညီစောင့်ရှောက်ရေး လုပ်ငန်းမျိုးစုံကို လုပ်ဆောင်နေတဲ့ အသင်းတခု ဖြစ်လာခဲ့ကြောင်း၊ အခုအခါ အခမဲ့ သုခ ဆေးခန်း၊ ကလေးများအတွက် ဖြည့်စွက် ပညာသင်ကြားရေး၊ အက သင်တန်း၊ ဂီတ နဲ့ ပန်းချီသင်တန်း အပါအဝင်၊ လူကြီးများအတွက် လုပ်ငန်း အထောက်အကူပြု အင်္ဂလိပ်စာသင်တန်း စတဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပြီး စေတနာ့ဝန်ထမ်း လုပ်သား ၅ ရာကျော် ပါဝင်လုပ်ဆောင်နေကြောင်း ကိုကျော်သူက ရှင်းပြခဲ့ပါတယ်။
အဲဒီ စေတနာ့ဝန်ထမ်း လုပ်ဆောင်သူတွေထဲမှာ လူငယ်အများစု ပါဝင်ပြီး အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် အထက်တန်း ကျောင်းသူကျောင်းသားတွေ ပါဝင်ကြောင်း ပြောပြပါတယ်။
ဒီကနေ့ အခမ်းအနားကို ဂီတပညာရှင် ကိုရဲလွင်၊ ကိုနေဝင်း တို့နဲ့အတူ သားထွေး၊ မေခလာ၊ ဥတ္တရအလင်း ကိုတိုးလွင်၊ ညီညီလွင် စတဲ့ တေးရေးတေးဆို ဂီတ အနုပညာရှင်တွေ သွားရောက် ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။
ဒီ နှစ်ပတ်လည် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ တက်ရောက်ခဲ့သလို တခြား လူမှု ကယ်ဆယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတွေ၊ စာနယ်ဇင်းသမားတွေ၊ အနုပညာရှင်တွေ၊ အလှူရှင်တွေ တက်ရောက်ခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ ကိုဇော်မိုးကျော်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |