ဒီနှစ်မှာ ၁၀ တန်း ဘာသာစုံအခမဲ့ သင်ကြားပေးသွားမှာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ၉ တန်း ကျောင်းသူ ကျောင်းသားတွေကိုပါ ပညာဒါန သင်ကြားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်လည်း ဆင်းရဲသား ရပ်ကွက်တွေမှာ အခုလို ပညာဒါနကျောင်းတွေ တစ်ခုပြီးတခု တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို မိန့်ကြားပါတယ်။
"ပထမကတော့ ဦးပဉ္စင်း စိတ်ကူးတာက ကလေးလုပ်သား ပညာရေးဖောင်ဒေးရှင်း ဆိုပြီးစိတ်ကူးတာ။ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေရတဲ့ ကလေးလေးတွေကို လုပ်အားခ လှူပြီးတော့ ကျူရှင် ထားပေးပြီးတော့ ကျောင်းစာ သက်သက်ကို ဇောက်ချ ပြီး လုပ်စေချင်လို့ပေါ့နော်။ အဲဒါကို ကျောင်းဖွင့်ကတည်းက ကလေးလုပ်သား လိုက်ရှာတဲ့အခါ အတော် အခက်အခဲတွေ့တယ်။ ဒါနဲ့ ရွှေခမောက် ကိုရွှေမောင်က အဲဒီအတိုင်း ရှာနေရင် မလွယ်ဘူး။ ကျူရှင် မနေနိုင်တဲ့ ကျောင်းသူ ကျောင်းသားတွေ အများကြီးရှိတယ်။ ကျူရှင်ကျောင်းလေး တစ်ကျောင်း လာဖွင့်ပေးပါ။ သူမြေနေရာ ပေးပါ့မယ် ဆိုတာနဲ့ အဲဒီ ကျူရှင်ကျောင်းလေးကို ဦးပဉ္စင်း ဖွင့်လိုက်တာ။ တခြားတခြားသော ဆင်းရဲသား ရပ်ကွက်တွေမှာ ကျူရှင်ကျောင်း လိုအပ်တယ် ဆိုလို့ရှိရင် လည်းပဲ ကျူရှင်ကျောင်းတွေ အများကြီး ဦးပဉ္စင်း တစ်ခုပြီး တစ်ခု တည်ဆောက်သွားမယ်လို့ ရည်ရွယ်ထားပါတယ်"
လောလောဆယ် လောကအလင်း ပညာဒါနကျောင်းမှာ သင်ကြားရေး ဆရာ၊ ဆရာမ ၁၂ ဦးရှိပြီး စာရင်း သွင်းထားတဲ့ ကျောင်းသူ ကျောင်းသား ၂၄ ဦး ရှိပါတယ်။ နှစ်တက်ရော၊ နှစ်ကျပါ ဘယ်ကျောင်းသားကိုမဆို သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ၁၀ တန်း ဖြေဆိုမယ့် ကျောင်းသူ ကျောင်းသားတွေကို ပြင်ပဘော်ဒါဆောင်မှာ ထားမယ်ဆိုရင် တစ်နှစ်ကို ကျပ် ၃၆ သိန်း၊ တစ်ဘာသာချင်း တက်မယ်ဆိုရင် ၃လပြတ် ကျပ်တစ်သိန်း၊ တစ်လချင်း ကျပ်တစ်သိန်းနှုန်း ရှိတာကြောင့် ဝင်ငွေနည်းတဲ့ မိသားစုက ကျောင်းသားတွေအဖို့ ကျူရှင်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။