ဒေါ်မြင့်မြင့်အေး အပါအဝင် ၃ ဦး ပေါင်းတည်ထောင်က လွတ်မြောက်


2013.12.24
lpt-1-anniversary-305.jpg လက်ပံတောင်းတောင်ဖြိုခွင်းမှု တစ်နှစ်ပြည့်ပြီဖြစ်တဲ့ နိုဝင်ဘာ လ ၂၉ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ကနေ အလုံမြို့နယ် တရုတ်သံရုံးရှိရာကို ချီတက်ဆန္ဒပြကြသူများ ကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၆ နဲ့ တရားစွဲခံထားရပြီး ပေါင်းတည်အကျဉ်းထောင်မှာ ၆ လကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူ့ အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေး၊ ကိုသန့်ဇင်ထက်နဲ့ ဒေါ်မိမိခိုင်တို့ ၃ ဦး ဒီနေ့မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာပါတယ်။

သူတို့ ၃ ဦးအမှုကို စွဲချက်မတင်သင့်ကြောင်း လျှောက် ထားတဲ့ သူတို့ရဲ့အယူခံလွှာကို ပဲခူးတိုင်းဒေသကြီး တိုင်းတရားရုံးက လက်ခံလိုက်တာကြောင့် လွတ်မြောက်လာတာလို့ ဒေါ်မြင့်မြင့်အေးက RFA ကို ပြောပါတယ်။

“နောက်ထွက်လာတဲ့ အသင်းအဖွဲ့ဥပဒေနဲ့ ကျမတို့ကမငြိဘူး၊ အဲဒီအတွက် ကျမတို့က လက်မခံနိုင်ဘူး၊ စွဲချက်ကို တင်ကို မတင်သင့်ပါဘူးဆိုတဲ့ လျှောက်လဲချက်အပေါ်မှာ ဆက်ပြီးတက်သွားတဲ့အခါမှာ နောက်ဆုံးပိတ် ကျတော့ စွဲချက်မတင်သင့်ပါဘူးဆိုတာကို လက်ခံတဲ့အတွက် ကျမတို့ကို ဒီနေ့မနက် ၇ နာရီ မှာ ပေါင်းတည်ထောင်ကနေ လွှတ်ပေးလိုက်ပါတယ်”

ဒေါ်မြင့်မြင့်အေး၊ ကိုသန့်ဇင်ထက်နဲ့ ဒေါ်မိမိခိုင်တို့ ၃ ဦးဟာ ပေါင်းတည်အကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြကြပြီး သူတို့အမှုကို အပြီးတိုင်စစ်ဆေးပေးဖို့ ပြီးခဲ့တဲ့ ၂ ပတ်က တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် တရားရုံးက လက်ပံတောင်းအရေးဆန္ဒပြသူ ကိုတင်ထွဋ်ပိုင်ကို ပုဒ်မ (၁၈) နဲ့ ထောင်ဒဏ် ၃ လ အမိန့်ချမှတ်ခဲ့ပါတယ်။ ကိုတင်ထွဋ်ပိုင်ဟာ ပြီးခဲ့တဲ့လပိုင်းကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်စဲရေးအတွက် ဆန္ဒပြရာမှာ တရုတ်အလံမီးရှို့မှုနဲ့ ဒဂုံမြို့နယ်တရားရုံးမှာ နော်အုန်းလှနဲ့အတူ တရားစွဲဆိုခံထားရဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွင်းခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ် တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ဆန္ဒပြခဲ့သူ ကိုအောင်စိုးကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တရားရုံးက ရုံးချိန်းမတက်ရောက်သေးတာကြောင့် ဒီနေ့ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

လွတ်မြောက်လာတဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေးကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။