ရခိုင်မှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းပေးဖို့ FPNCC အဖွဲ့ မေတ္တာရပ်ခံ


2018.12.25
fpncc-dec24-statement-622.jpg ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ရဲ့ ၂၀၁၈၊ ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်ကို တွေ့ရစဉ်
.

ရခိုင်ပြည်နယ်မှာ တပ်မတော်က AA ရခိုင်အဖွဲ့ကို ရည်ရွယ်ပြီး ဆောင်ရွက်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ရေးဆိုင်ရာ စီမံချက်တွေကို ရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံကြောင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အစိုးရ တပ်မတော်နဲ့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား မကြာမီ Bilateral ခေါ် နှစ်ဘက်အပစ်ရပ် ဆွေးနွေးပွဲတွေ ကျင်းပတော့မှာဖြစ်တဲ့အတွက် FPNCC အဖွဲ့အနေနဲ့ ကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးနိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းဖို့ မေတ္တာရပ်ခံရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်ဘက်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ထုတ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှာ စစ်မှန်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတာ မရှိတဲ့အပြင် AA ရခိုင်အဖွဲ့ကို အကြီးအကျယ် ထိုးစစ်ဆင်တာတွေ လုပ်နေတယ်လို့ ပြောထားပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်က လက်နက်ကြီး အပါအဝင် ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ AA အဖွဲ့နဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးကတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်ခဲ့တာမရှိကြောင်းနဲ့ AA ရခိုင်အဖွဲ့အနေနဲ့ လက်ရှိအချိန်မှာ အစိုးရအခက် AA အချက်ဆိုတဲ့ သဘောမျိုး လက်နက်ကိုင်တိုက်ပွဲနည်းနဲ့ မဟုတ်ပဲ ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးဆွေးနွေးတဲ့ နည်းလမ်းနဲ့သာ အဖြေရှာစေလိုကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် နဲ့ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ TNLA တအာင်းပလောင်အဖွဲ့၊ AA ရခိုင်အဖွဲ့နဲ့ MNDAA ကိုးကန့်အဖွဲ့တို့ဟာ လာမယ့် ဇန်နဝါရီလလယ်ပိုင်းမှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။