သမ္မတအသစ်အပေါ် မြောက်ပိုင်းအဖွဲ့တွေရဲ့ မျှော်လင့်ချက်


2018.03.29
fpncc-meeting-622.jpg (FPNCC)ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက်နေ့က "ဝ" ပြည်နယ် ပန်ခမ်းမြို့မှာ ကျင်းပစဉ်
Photo: Nyi Rang - facebook

မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ FPNCC က နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်နဲ့အတူ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေးအတွက် အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ အစည်းအဝေးပွဲကို "ဝ"ဒေသ ပန်ခမ်းမြို့မှာ ၃ ရက်ကြာကျင်းပခဲ့ပြီး သဘောတူညီချက် ၅ ချက်ကို ထုတ်ပြန်ခဲ့တာလို့ တအာင်းပလောင်အဖွဲ့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

"ကျနော်တို့ PSLF/ TNLA အနေနဲ့ နဂိုတည်းက NLD တက်လာတဲ့အချိန် သဘောထားထုတ်ပြန်ချက် တစ်ခေါက် ထုတ်ပြန်ဖူးတယ်၊ ပြည်သူကရွေးချယ်တဲ့ NLD အစိုးရကိုကြိုဆိုတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူကပိုမိုပြီး ပြုလုပ်နိုင်မယ်၊ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အဆင်သင့်ရှိတဲ့အကြောင်း ကျနော်က ထုတ်ပြန်ထားတယ်၊ အခုတစ်ချိန်လည်း ဒီအတိုင်းဘဲ သမ္မတအပြောင်းအလဲတော့ရှိတယ်၊ သမ္မတကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်လက်ပြီးမှ ဆွေးနွေးဆောင်ရွက်ဖို့ ဒီသမ္မတသစ်လည်း ကျနော်တို့ ငြိမ်းချမ်းရေးကိစ္စကို ဆက်လက်ဆောင် ရွက်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်"

ငြိမ်းချမ်းရေးကို ပိုမိုလုပ်ဆောင်နိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့အစိုးရ တက်လာပြီးချိန်ကလည်း FPNCC က ကြိုဆိုကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က ၂၈ ရက်နေ့ထိ ကျင်းပခဲ့တဲ့ အစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပါဝင်ဖို့၊ အစိုးရက တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ FNPCC မှာ ပါဝင်တဲ့ အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားမယ်ဆိုရင် တက်ရောက်သွားဖို့နဲ့ တပ်မတော်က ကချင်၊ တအာင်း၊ ကိုးကန့်နဲ့ ရခိုင်ဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေကို ကန့်ကွက်ရှုတ်ချကြောင်း စတဲ့ အချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA ၊ မြန်မာနိုင်ငံ အမှန်တရားနဲ့ တရားမျှတသော အမျိုးသားပါတီ MNTJP၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ PSC နဲ့ "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP စတဲ့ အဖွဲ့တွေက ကိုယ်စားလှယ် ၂၇ ဦး တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။