မနှစ်က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့ နယ် ၄၈ လမ်းဗလီမီးလောင်မှုကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရတဲ့အမှုနဲ့ပတ်သက် လို့ ကျောင်း ဆရာနှစ်ဦးကို မြို့နယ်တရားရုံးက ထောင်ဒဏ် (၈) နှစ်စီ မနေ့က ချမှတ်လိုက်ကြောင်း သိရပါတယ်။
၂ဝ၁၃ခုနှစ် ဧပြီလ ၁ရက်နေ့ညက ၄၈ လမ်းဗလီ မီးလောင်မူမှာ ကျောင်းသား ၁၃ ဦး မီးလောင်သေဆုံးမှု နဲ့ ပတ်သက်ပြီး အဲ့ဒီညက ဗလီမှာအိပ်ခဲ့သူ ဆရာဇေယျာဖြိုး (ခေါ်) နိုရိုရာ နဲ့ ဆရာ ခင်မောင်အေး (ခေါ်) အာဆစ်တို့ကို တာဝန်ရှိသူတွေ အဖြစ် တရားရုံး က ပုဒ်မ၂၈၅ မီးလောင်မှု၊ လူသေမူ ၃ဝ၄ (က) နဲ့ ဗိုလ်တထောင်မြို့နယ် တရားရုံးက ထောင်ဒါဏ် ၈နှစ်စီ အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တရာခံများဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးအုန်းမောင်ကတော့ တရားရုံးရဲ့ ပြစ်ဒဏ်စီရင်မှု နဲ့ပတ်သက်လို့ မိမိနဲ့ သဘောထားတိုက်ဆိုင်မှု မရှိကြောင်း ကျောင်းဆရာနှစ်ဦး ဟာ ကျောင်းဖွင့်တဲ့အချိန်မဟုတ် တာကြောင့် ဒီအမှုမှာ တာဝန်မရှိကြောင်း RFA ကို ပြောပါတယ်။
"အဲ့တော့ ဒီဆရာနှစ်ယောက်ကလည်း ညနေဖက်မှာသူတို့ ဗလီမှာဝတ်လာပြုရင်း နဲ့ ကျောင်းသားတွေရောက်နေတဲ့အတွက် လူကြီးမရှိတဲ့အတွက် သူတို့ကလည်း အဲ့ညသူတို့အဲ့မှာ အိပ်လိုက်ကြတယ်၊ သူတို့ဟာလစာလည်းမစားရသေးဘူး၊သူတို့ကို တစ်နှစ်တစ်ကြိမ်ပြန်တက်တော့ လည်း မခန့်ရသေးဘူး၊ အဲ့တော့ သူတို့က ဒီကျောင်းရဲ့ဝန်ထမ်းလည်းမဟုတ်သေးဘူး၊တာဝန်ရှိသူလည်း မဟုတ်သေးဘူးလို့ ကျောင်းအုပ်ချုပ်ရေးကော်မတီရဲ့ ဥက္ကဌက ထွက်ထားတယ်"
ရှေ့နေ ဦးအုန်းမောင်က တရားခံဘက်က ရရှိသင့်ရရှိထိုက်တဲ့ အခွင့်အရေးအရ ဆက်လက်ပြီး အထက်ရုံး အဆင့်ဆင့်ကို အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီမီးလောင်မူနဲ့ ပတ်သက်ပြီး အပြင်မှာ သတင်းတွေ ထွက်ပေါ်နေသလို ရှို့မီးဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုကိုလည်း သူအနေနဲ့ လက်ခံနိုင်ခြင်းမရှိဘူးလို့ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး အစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာအရ မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးလောင်ခြင်းဖြစ်တယ်လို့ အစီရင်ခံထားတာဖြစ်ပါတယ်။ တရားခံရှေ့နေ ဦးအုန်းမောင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။