စဉ့်ကူးနဲ့ မတ္တရာက အဖမ်းခံရသူ လေးဦးရဲ့ ရုပ်အလောင်းတွေ ဧရာဝတီမြစ်ထဲမှာ ပြန်တွေ့

RFA Burmese
2023.07.21
စဉ့်ကူးနဲ့ မတ္တရာက အဖမ်းခံရသူ လေးဦးရဲ့ ရုပ်အလောင်းတွေ ဧရာဝတီမြစ်ထဲမှာ ပြန်တွေ့ မန္တလေးတိုင်း မတ္တရာမြို့တစ်နေရာအား တွေ့ရစဉ်။
Madaya We Love

လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖမ်းဆီးခံရတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်က အမျိုးသား လေးဦးရဲ့ ရုပ်အလောင်းတွေကို ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေက ဧရာဝတီမြစ်ထဲမှာ ပြန်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူတွေဟာ မတ္တရာမြို့နယ် မြွေထိန်ပင်ရွာက အသက် ၂၈ နှစ်အရွယ် ကိုရဲနောင်စိုး၊ ညောင်အုပ်ရွာက အသက် ၄၆ နှစ်အရွယ် ကိုကျော်မျိုး၊ စဉ့်ကူးမြို့နယ် ညောင်ဝန်းရွာက အသက် ၃၀ အရွယ် ကိုအောင်စိုးကြည်နဲ့ အမည်မသိရသေးတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။

ဇူလိုင် ၁၄ ရက်၊ မနက် ၁၀ နာရီက အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေ မတ္တရာမြို့နယ် ညောင်အုပ်ရွာထဲ ရောက်လာပြီး လက်သမားအလုပ် လုပ်ကိုင်နေတဲ့ လေးဦးကို ဖမ်းဆီးသွားပြီးနောက် လေးရက်အကြာမှာ ရုပ်အလောင်းတွေကို မြစ်ထဲမှာ ပြန်တွေ့ရတာပါ။

ပြန်တွေ့တဲ့ ရုပ်အလောင်းတွေမှာ နှိပ်စက်ညှဉ်းပန်းခံရတဲ့ ဒဏ်ရာဒဏ်ချက် အများအပြားတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စဖမ်းသွားတဲ့အချိန်ကတည်းက လူငယ်တချို့ကို ရိုက်နှက်တာ၊ လည်ပင်းကို ကြိုးနဲ့ချည်နှောင်ပြီး ကားနောက်ကနေ ဒရွတ်တိုက်ဆွဲသွားတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

စဖမ်းတဲ့နေ့ကတည်းက အသတ်ခံရသူ လေးဦးထဲက ကိုရဲနောင်စိုးကို လည်ပင်းကိုကြိုးနဲ့ချည် ဒရွတ်တိုက်ဆွဲပြီး ခေါ်သွားတာတွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်အုပ်ရွာသားတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

"ဖမ်းသွားတုန်းက ကိုရဲနောင်စိုး ကိုဆိုရင် လည်ပင်းကြိုးချည်ပြီး ဒရွတ်တိုက်ဆွဲသွားတာ။ သစ်သားချောင်းတွေနဲ့လည်း ရိုက်နှက်သွားတယ်။ ဖမ်းတဲ့နေ့ နှစ်ယောက် နှိပ်စက်အသတ်ခံရတယ်။ ကျန်တဲ့ နှစ်ဦးကိုတော့ သူတို့အခြေချတဲ့ နတ်ကြီးစင်ရွာ ဘုန်းကြီးကျောင်းထဲ ဖမ်းခေါ်သွားပြီး ဇူလိုင် ၁၅ ရက်မှာ နှိပ်စက်သတ်ပြီး ရေထဲပစ်ချ အလောင်းဖျောက်ခဲ့တာပေါ့။ အလောင်းပြန်တွေ့တော့ ဒဏ်ရာတွေအများကြီးပဲ”

သူတို့ဖမ်းဆီးခံရပြီး သုံးရက်အကြာ ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်မှာ ကိုရဲနောင်စိုး၊ ကိုကျော်မျိုးနဲ့ ကိုအောင်စိုးကြည် တို့ရဲ့ရုပ်အလောင်းတွေကို မြစ်ထဲမှာ ပြန်တွေ့ရတာပါ။

အမည်မသိအမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ မတ္တရာမြို့နယ်၊ စကျင်ရွာအနီးက အင်းရေပြင်မှာ ပြန်တွေ့ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံနောက်တစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တပ်က ပြန်ထွက်သွားမှ ဆယ်ရတာပေါ့။ သူတို့ရှိတုန်း အလောင်းဆယ်တဲ့ တံငါသည်တစ်ဦးကိုတောင် ဖမ်းပြီးရိုက်သွားတယ်။ ရေငုပ်ရှာရတာတွေလည်းရှိတယ်။ အလောင်းတွေမှာ အရိုက်ခံရတဲ့ဒဏ်ရာတွေ အများကြီးတွေ့ရတယ်။ လက်သည်းခွံတွေ လန်နေတာတွေရော။ လက်သမားဆရာ ကိုရဲနောင်စိုး လည်ပင်းမှာဆိုရင် ကြိုးတန်းလန်းနဲ့၊ နောက်အလောင်း တစ်လောင်းကတော့ စကျင်ရွာအနောက် အင်းပြင်မှာတွေ့တယ်။ ရုပ်ပျက်နေပြီ"

ရုပ်အလောင်းတွေကို ဇူလိုင်လ ၁၉ ရက် ညနေပိုင်းမှာပဲ ညောင်အုပ်သင်္ချိုင်းမှာ မီးသဂြိုဟ်လိုက်တယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ညောင်အုပ်ရွာဟာ အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ တစ်ထောင်ကျော်ရှိပြီး ဒီရက်ပိုင်းမှာ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဘာကြောင့် ဒီလက်သမားလေးဦးကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတာ အတိအကျ မသိရဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီအင်အား ၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းက နတ်ကြီးစင်ရွာလမ်းခွဲဘက်ကနေ မန္တလေး - မိုးကုတ်ကားလမ်းဘက် ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် မနေ့ကအထိ သေဆုံးသူ အရေအတွက် ၃၈၁၃ ဦး ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။