စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ လေးဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ

ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ မမြမဉ္ဇူ၊ ကိုဇော်လင်းထွဋ် (ခ) ကိုဖိုးသားနှင့် နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင် (ဝဲမှ ယာ) အား တွေ့ရစဉ်။
ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ မမြမဉ္ဇူ၊ ကိုဇော်လင်းထွဋ် (ခ) ကိုဖိုးသားနှင့် နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင် (ဝဲမှ ယာ) အား တွေ့ရစဉ်။ (University Students’ Unions Alumni Force)

ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူလေးဦးကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစုက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သူတို့ကို ဇန်နဝါရီလ ၃၁ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံးကနေ ချလိုက်တာလို့ ဆိုပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူတွေက တကသကျောင်းသားဟောင်းများ အင်အားစု တွဲဖက်တည်ထောင်သူ အလွတ်ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ကိုဖိုးသား၊ လူငယ်သပိတ်ကော်မတီ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ အဖွဲ့ဝင် မမြမဉ္ဇူ၊ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင်တို့ ဖြစ်ပါတယ်။

သူတို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။ အလွတ်ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ကိုဖိုးသားဟာ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ပန်းပင်ကြီးလမ်းဆန္ဒပြပွဲတစ်ခုမှာ အဖမ်းခံခဲ့ရပြီးနောက် ၂ဝ၂၃ ခုနှစ် မေလ ၃ ရက်နေ့မှာ စစ်ကောင်စီ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီး ထပ်မံဖမ်းဆီးခံရတာဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူတွေကို စစ်ကောင်စီက ဒီလိုဖမ်းဆီးနေပေမဲ့ နောက်ဆုတ်သွားမှာမဟုတ်ဘဲ ဖမ်းဆီးခံရသူ လေးဦး ကိုယ်စားအတွက်ပါ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေး မဆုတ်မနစ်ဆက်လက်ကြိုးပမ်းသွားမယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစုက ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူထားတဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူ (၂၈,၄၄၄) ဦး ရှိပြီး အဲဒီအထဲက (၂၁,၇၂၂ ဦး) ဟာ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။