ရခိုင်ပါတီနှစ်ခု ပူးပေါင်းရေး အပြီးသတ် သဘောတူ လက်မှတ်ရေးထိုး


2013.06.17
anp-305.jpg RNDP နှင့် ALD ပါတီတို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (Arakan National Party)အဖြစ်ထူထောင်တဲ့ သဘောတူ လက်မှတ်ရေးထိုးပွဲကို ဇွန်လ ၁၇ ရက်နေ့ကကျင်းပခဲ့စဉ်
photo: RFA/ Tun Myint

ရခိုင်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (Arakan National Party) အဖြစ်ထူထောင်ဖို့ ဒီကနေ့ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီအဖြစ် အသစ်ထူထောင်ဖို့ ဆုံးဖြတ်ရတာဟာ  ရခိုင်တမျိုးသားလုံး ရဲ့ တောင်းဆိုမှုကြောင့်အပြင် ရခိုင်ပြည်နယ်ရဲ့  လက်ရှိပထဝီနိုင်ငံရေး အခြေအနေတွေကြောင့် အခုလိုပူးပေါင်းရတာလို့ ဒီကနေ့  ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ ရခိုင်သဟာယအသင်းမှာ ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ ရခိုင်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ  ဥက္ကဌဒေါက်တာအေးမောင်က ပြောပါတယ်။

"အဓိကရည်မှန်းချက်က ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒ၊ သံဃာထုတစ်ရပ်လုံးရဲ့ တောင်းဆိုချက်၊ ကျနော်တို့ပါတီနှစ်ခုချင်းမှာလည်းရှိတဲ့ မူလရည်မှန်းချက်၊ ဒီနေ့ဒီအချိန်ဒီကာလာမှာ ရခိုင့်ပထဝီနိုင်ငံရေး အခြေအနေကလည်း ပေါင်းစည်းဖို့အတွက် တောင်းဆိုတဲ့အခြေအနေကို အထူးသဖြင့် ပဋိပက္ခတွေ ကျနော်တို့မှာရှိခဲ့ပါတယ်"

အခုတည်ထောင်လိုက်တဲ့ ရခိုင်အမျိုးသားပါတီသစ်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီဖြစ်ဖို့၊ ပါတီတစ်ခုချင်းစီကနေ အချိုးကျလူ ၁၅ ဦးစီပါဝင်တဲ့ ယာယီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဖွဲ့စည်းဖို့၊ ပါတီသစ်လျှောက်ထားဖို့ကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီးပြင်ဆင်ဖို့၊ ပါတီသစ်မှတ်ပုံတင်ကျပြီး ၇ လအတွင်း ပါတီညီလာခံကျင်းပဖို့စတဲ့ ကြေညာချက်တစ်စောင်ကိုလည်း နှစ်ဖက်ပါတီတွေက ပူးပေါင်းထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီသစ်အဖြစ် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက်ကျလာရင် လာမယ့် နိုဝင်ဘာလအတွင်းမှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာ ၃ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့လည်း သိရပါတယ်။

ယခုပူးပေါင်းလိုက်တဲ့ပါတီ နှစ်ခုထဲက RNDP ပါတီဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ အနိုင်ရရှိခဲ့သလို နောက်ပါတီတစ်ခုတဲ့ ALD ဟာလည်း ၁၉၉ဝ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် တတိယအများဆုံးနေရာထိ အနိုင်ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။