အကျယ်ချုပ် သတင်း မမှန်ကန်ဟု ကေအိုင်အေ ခွဲထွက် ဗိုလ်မှူးကြီးရုံးမှ ငြင်းဆို

ကေအိုင်အို ခွဲထွက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး လဆန်အောင်ဝါကို မြစ်ကြီးနား နေအိမ်မှာ အကျယ်ချုပ် ချထားတယ်ဆိုတဲ့ ကောလဟလ သတင်းတွေ မမှန်တဲ့ အကြောင်း ဗိုလ်မှူးကြီး လဆန်အောင်ဝါရဲ့ မြစ်ကြီးနား ဆက်ဆံရေးရုံး တာဝန်ခံက ဒီနေ့ ငြင်းဆိုလိုက်ပါတယ်။

2011.06.22

ကချင်ပြည်နယ် ဂွေထူ ဒေသမှာ အခြေစိုက်တဲ့ ဗိုလ်မှူးကြီး လဆန်အောင်ဝါကို အာဏာပိုင်တွေက အကျယ်ချုပ် ချထားတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာ ကြားပေမဲ့ ဒီသတင်းတွေ မမှန်ကန်ကြောင်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ ဗိုလ်မှူးကြီး လဆန်အောင်ဝါ မြစ်ကြီနားကနေ ဂွေထူကို ပြန်သွားတာ ဖြစ်ကြောင်း ဗိုလ်မှူးကြီး လဆန်အောင်ဝါရဲ့ မြစ်ကြီးနား ဆက်ဆံရေးရုံးတာဝန်ခံ အရာရှိက ပြောပြပါတယ်။

အခုတလော ကေအိုင်အေနဲ့ အစိုးရတပ်တွေကြား စစ်ရေး ပဋိပက္ခ အရှိန်မြင့်နေချိန်မှာ ဗိုလ်မှူးကြီး လဆန်အောင်ဝါ အကျယ်ချုပ် ခံနေရတယ် ဆိုတဲ့ ကောလဟလ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် နှစ်ဆန်းပိုင်းက ကေအိုင်အို အဖွဲ့တွင်း မအောင်မြင်တဲ့ အာဏာသိမ်းဘို့ ကြိုးပမ်းမှု ဖြစ်ပွား အပြီးမှာ အာဏာသိမ်း ခေါင်းဆောင်လို့ အစွပ်စွဲခံရတဲ့ ကေအိုင်အို ထောက်လှမ်းရေး အရာရှိ ဗိုလ်မှုးကြီး လဆန်အောင်ဝါနဲ့ နောက်လိုက်တချို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

သူ့ကို ကချင် အပစ်အခတ် ရပ်စဲရေး အဖွဲ့ ဖြစ်တဲ့ ဦးဇခုန်တိန့်ယိမ်း ခေါင်းဆောင်တဲ့ NDA-K ဒီမိုကရေစီသစ် တပ်မတော်-(ကချင်) က ခေတ္တ လက်ခံထားလို့ ကေအိုင်အိုနဲ့ NDA-K ကြားမှာ တင်းမာခဲ့ပါတယ်။

မကြာသေးခင်က စစ်အစိုးရ အာဏာပိုင်တွေက ဗိုလ်မှုးကြီး လဆန်အောင်ဝါကို ဂွေထူမှာ နေရာချပေးပြီး သစ်ထုတ်လုပ်ခွင့် ပေးတဲ့ အတွက် ဗိုလ်မှုးကြီး လဆန်အောင်ဝါနဲ့ အဖွဲ့ ဂွေထူမှာ အခြေချ စီးပွားရေးလုပ်နေခဲ့တာ ကနေ့ထိ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။