ထိုင်းဝန်ကြီးချုပ်ဟောင်း နယ်စပ်က မြန်မာနိုင်ငံသားတွေရဲ့ စာသင်ကျောင်းတွေကို လေ့လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း လက်ရှိ ထိုင်းအစိုးရ အတိုက်အခံ ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင် လည်းဖြစ်တဲ့ အဘီဆစ် ဝိချာချီဝ (Abhisit) နဲ့ အဖွဲ့ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ပြောင်း ကလေးငယ်တွေ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို လာရောက်လေ့လာခဲ့ပါတယ်။

2012.12.06
former_thiapm_305 ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝိချာချီဝ(Abhisit) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကလေးငယ်တွေနဲ့ တွေဆုံနှုတ်ဆက်စဉ်
Photo: RFA

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ခရီးစဉ်နဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်က ဒီကနေ့ နေ့လယ် မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာတစ်ခုကို  ရောက်ရှိစဉ် အခုလိုပြောပါတယ်။

“လာမယ့် စနေနေ့မှာ ဒီကဝန်ကြီးနဲ့အတူ အင်္ဂလန်ကိုသွားဖို့ရှိတယ်၊ ထိုင်းနိုင်ငံမှာရှိတဲ့ ဒီလိုမျိုး ကလေးသူငယ်တွေနဲ့ပတ်သက်တဲ့ ဖောင်ဒေးရှင်းတွေရဲ့ အနှစ် (၃ဝ) မြောက်ပွဲ ကျင်းပဖို့ရှိတယ်။ အဲဒီအတွက် နယ်စပ်က ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ဖွံဖြိုးရေးတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို လာရောက်လေ့လာရတာဖြစ်တယ်” လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တဝိုက်က စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ မြန်မာရွှေ့ပြောင်း ကလေးဦးရေ တစ်သောင်းခွဲလောက်ရှိပါတယ်။ တဖက်မှာလည်း ပညာမသင်ကြားနိုင်တဲ့ ကလေးဦးရေက နှစ်သောင်းခွဲလောက်ရှိနေတဲ့ အခြေအနေတွေကို ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်နဲ့ တွေ့ဆုံစဉ်မှာ သူဆွေးနွေးဖြစ်တယ်လို့ မိဘမဲ့ကလေးတွေ ပညာရေးစီစဉ်ပေးနေတဲ့ SAW အဖွဲ့ကို တည်ထောင်သူ ဒေါ်အေးအေးမာက ပြောပါတယ်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ်နဲ့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာ  မဲဆောက်မြို့ ဝှေ့ကလုတ်အရပ်မှာရှိတဲ့ မြန်မာတိုင်းရင်းသားတွေအတွက် ဖွင့်လှစ်ထားတဲ့ TPC ဆရာအတတ်သင်ကျောင်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။