ရန်ကုန်မှာ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

2022.11.24
ရန်ကုန်မှာ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (၂၃) ရပ်ကွက်မှာ နိုဝင်ဘာလ ၂၄ ရက် ဒီနေ့မနက်က အငြိမ်းစား ဗိုလ်မှူးကြီး တစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်သတ်ခံရသူဟာ အငြိမ်းစား ဗိုလ်မှူးကြီး ဇော်နိုင်ဝင်းဖြစ်ပြီး သူနေထိုင်ရာ သုဝဏ္ဏ (၂၃) ရပ်ကွက်၊ ကံ့ကော်မြိုင်လမ်းနဲ့ အင်ကြင်းမြိုင် (၄) လမ်းထောင့်က နေအိမ်မှာ ဒီနေ့မနက် ၈ နာရီဝန်းကျင်က နေအိမ်အရှေ့ သစ်ပင်တွေကိုရေလောင်းနေချိန် အိမ်အဝင် ခြံစည်းရိုးအတွင်းဝင်ပြီး သေနတ်နဲ့ နှစ်ချက်ပစ်သတ်ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲနေရာကတော့ ဗိုလ်ချုပ်ဟောင်းတွေပဲနေတဲ့ နေရာပါ။ သုဝဏ္ဏဗိုလ်ချုပ်ရွာလို့တောင် ခေါ်ကြတာ။ အိမ်တွေက ခြံနဲ့ဝင်းနဲ့ လုံးချင်းတွေများတယ်။ မနက်ကတော့ အသံတော့ကြားလိုက်တာပဲ။ မင်္ဂလာဒုံဆေးရုံကိုခေါ်သွားပြီး ဆေးရုံမှာဆုံးသွားတယ်လို့တော့ ကြားထားရတယ်။ ထိတာက ရင်ဘတ်ကိုထိတာဆိုတော့ သေတယ်ဆိုတာ ဖြစ်နိုင်ခြေပိုများတယ်”

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်သလဲဆိုတာ ထုတ်ပြန်တာမျိုး မတွေ့ရသေးသလို သေဆုံးမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စက်တင်ဘာ ၂၄ ရက်နေ့က ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇတို့ ရန်ကုန် လှိုင်မြို့နယ်က သူတို့ရဲ့နေအိမ်မှာပဲ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ တစ်နှစ်အတွင်း လက်ရှိတာဝန်ထမ်းနေဆဲ စစ်တပ်အရာရှိနဲ့ အရာရှိဟောင်း ၁၀ ဦးခန့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။