အလွန်အကျွံသစ်ထုတ်မှုကြောင့် သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းထိ ကျဆင်း
အလွန်အကျွံသစ်ထုတ်ယူမှုနဲ့ ခေတ်ဆက်ဆက် နိုင်ငံ့ဝင်ငွေအတွက် သစ်ထုတ်ရောင်းစားခဲ့လို့ သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းထိကျဆင်းကြောင်း စစ်ကောင်စီဥက္ကဋ္ဌက စက်တင်ဘာ ၇ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ မိုးရာသီသစ်ပင်စိုက်ပွဲမှာ ပြောပါတယ်။
-
RFA Burmese
2023-09-08 -
-
-
အလွန်အကျွံသစ်ထုတ်ယူမှုအပါအဝင် ခေတ်ဆက်ဆက် နိုင်ငံ့ဝင်ငွေအတွက် သစ်ထုတ်ရောင်းစားခဲ့လို့ နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းဟာ ၄၂ ရာခိုင်နှုန်းခန့် ထိကျဆင်းကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၇ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ မိုးရာသီသစ်ပင်စိုက်ပွဲမှာ ပြောပါတယ်။
သစ်တော သစ်ပင်တွေကို စနစ်တကျထုတ်ယူ သုံးစွဲတာမျိုးမရှိဘဲ အလွန်အကျွံထုတ်ယူ သုံးစွဲတာကြောင့် ရာသီဥတု ပြောင်းလဲတာတွေကိုလည်း ကြုံတွေ့နေရပြီး ယခင် နေပြည်တော်ဒေသရဲ့ ရာသီဥတုဟာ ၂၀၀၆ ခုနှစ် မှာ ပျှမ်းမျှအပူချိန် ၂၆ ဒသမ ၉၇ ဒီဂရီ စင်တီဂရိတ်ခန့်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ပျှမ်းမျှအပူချိန်ဟာ ၂၈ ဒသမ ၅ ဒီဂရိ စင်တီဂရိတ်ထိ တိုးလာတယ်လို့လည်း သူက ဆိုပါတယ်။
ဒါကြောင့် သစ်တောသယံဇာတတွေ ရေရှည်တည်တံ့ဖို့၊ ရာသီဥတု ဖောက်ပြန်တာတွေကို လျှော့ချဖို့နဲ့ သဘာ၀ဘေးအန္တရာယ်တွေကို ကာကွယ်ဖို့အတွက် သစ်ပင်စိုက်ပျိုးပွဲတွေ လုပ်ရတာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်းမှာ တိုင်းပြည်မငြိမ်မသက်ဖြစ်ခဲ့ပြီး စီးပွားရေးသမားတွေက ရခိုင်ရိုးမနဲ့ ပဲခူးရိုးမတောတွေထဲမှာ တရားမဝင်သစ်ခိုးထုတ်မှုတွေ အရင်ထက် ပိုလုပ်လာကြသလို ဌာနဆိုင်ရာဝန်ထမ်းတွေလည်း အကျင့်ပျက်ခြစားမှုတွေ ပိုများလာတယ်လို့ မကွေးတိုင်းနဲ့ ပဲခူးတိုင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
တရားမဝင် သစ်ထုတ်ယူမှုတွေနဲ့ ပတ်သက်လို့ အရပ်သားအစိုးရတာဝန်ယူခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကနေ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ကျွန်းသစ်နဲ့ သစ်မာအပါအဝင် သစ်တန်ချိန်ပေါင်း ၂၁ သန်း ကျော်ထိ ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှု အများဆုံးဖြစ်ခဲ့တဲ့ ပဲခူးရိုးမကို ၂၀၁၆ ခုနှစ်ကစလို့ အခြေခံသစ်ထုပ်လုပ်မှု ၁၀ နှစ်ရပ်ဆိုင်းထားပြီး သစ်တောပြန်လည်ထူထောင်ရေးတွေ ပြုလုပ်နေပေမယ့် တရားမဝင် သစ်ခိုးထုတ်မှုတွေကတော့ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။