နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ တရားဥပဒေစိုးမိုးမှု ဆက်စပ်

0:00 / 0:00

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းလာမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျိုတိုမြို့မှာ မြန်မာနိုင်ငံသား မိသားစုတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားစဉ်မှာ အဲဒီလို ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။ ဥပေဒေကို စာရွက်ပေါ်မှာ ဘယ်လောက်ကောင်းအောင် ရေးဆွဲထားသည်ဖြစ်စေ၊ လက်တွေ့ဥပဒေ စိုးမိုးမှုမရှိတဲ့နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းမှာမဟုတ်ကြောင်း ၊ ယာယီအကျိုးအမြတ်ကိုသာအားထားတဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုသာရမှာဖြစ်ကြောင်း အခုလိုပြောပါတယ်။

"နောက်အရေးကြီးတဲ့ ကိစ္စတစ်ခုရှိပါတယ်၊ သိပ်ကိုအရေးကြီးတဲ့ကိစ္စပါ၊ တချို့ကဒီကိစ္စကို သိပ်ပြီးတော့ မစဉ်းစားကြပါဘူူး၊ ကျမကတော့ ထပ်တလဲလဲ ငြီးငွေ့လောက်အောင် ပြောနေတာကတော့ တရားဥပဒေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေး မရှိတဲ့နိုင်ငံမှာ ဘယ်လုပ်ငန်းရှင်ကမှ သိပ်ပြီးတော့ လိုလိုလားလားနဲ့ ရင်းနှီးမြှုပ်နှံကြမှာ မဟုတ်ပါဘူး၊ ဘယ်လိုပဲဥပဒေတွေကကောင်းကောင်း ဥပဒေတွေကြည့်တော့ စာရွက်ပေါ်မှာတော့ ကောင်းတာပေါ့နော်၊ နောက်ဘယ်လိုပဲကောင်းကောင်း တရားဥပဒေစိုးမိုးရေးမရှိလို့ရှိရင် ဘာမှစိတ်ချနိုင်မှာ မဟုတ်ပါဘူး၊ ဘာမှလုံခြုံမှုမရှိဘူး၊ အဲလိုဆိုရင်တော့ ရင်နှီးမြှုပ်နှံမှာ မဟုတ်ပါဘူး"

လက်ရှိအခြေအနေမှာ နိုင်ငံခြားကုမ္ပဏီတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နံှမှုဥပဒေနဲ့ နည်းဥပဒေတွေကို စောင့်ကြည့်လေ့လာနေဆဲဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိရကြောင်းပြောပါတယ်။ တချို့စီးပွားရေးလုပ်ငန်းရှင် အတော်များများဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပေးထားခဲ့တာတွေရှိပေမယ့် လက်တွေ့အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်တာတွေလည်း ရှိတယ်လို့ပြောပါတယ်။ အဲဒီလိုဖြစ်ရတာဟာ မိမိတို့နိုင်ငံမှာ ဥပဒေစိုးမိုးမှုအားနည်းနေလို့သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံသား မိသားစုဝင်တွေက ပြည်ထောင်စုအရေး၊ ပြည်ပမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားများအရေး စတာတွေကိုလည်း မေးမြန်းခဲ့ကြပါတယ်။ ပြည်ပမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကျေးဇူးတရားကို သိကြဖို့ကိုလည်း အထူးအလေးထား တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့ကိုမွေးဖွားပေးခဲ့တဲ့ မြန်မာနိုင်ငံကိုလည်း တတ်နိုင်တဲ့ဖက်ကနေ ပြန်လည်ကူညီကြဖို့ကို ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားချက်တွေထဲက တချို့ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိက ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။