နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း စီးပွားရေးလုပ်ငန်းတချို့အတွက် အဟန့်အတားဖြစ်
2012.09.05

ဒီကနေ့ ညနေက ရန်ကုန်မြို့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦး၊ အထည်ချုပ် လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးမြင့်စိုးတို့က ပြောဆိုခဲ့တာပါ။
နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု ဥပဒေမူကြမ်းမှာ ပြည်ပကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုတယ်ဆိုရင် အနိမ့်ဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးရမယ်လို့ သတ်မှတ်ထားတာဟာ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေထက် ၉ ဆ လောက် များနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်ပ အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အားနည်းသွားအောင် ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ ထောက်ပြထားတာပါ။ ဒါ့အပြင် ပိုင်ဆိုင်မှုအပိုင်းမှာလည်း ပြည်ပကုမ္ပဏီတွေ အနေနဲ့ ၄၉ ရာခိုင်နှုန်းသာ ဖက်စပ်ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ကန့်သတ်ထားတာဟာ ပြည်တွင်းလုပ်ငန်းရှင်တွေသာ ပိုင်ဆိုင်မှု ရာခိုင်နှုန်း အများစု ရယူရမယ်လို့ သတ်မှတ်ထားသလို ဖြစ်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့ ငွေပင် ငွေရင်း ကန့်သတ်ချက်တွေ ရှိနေတဲ့ ပြည်တွင်း အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေကိုလည်း ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
တချို့လုပ်ငန်းတွေမှာဆိုရင် ပြည်ပကုမ္ပဏီတွေ အနေနဲ့ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှု ပေးထားရင်တောင် မြန်မာနိုင်ငံလို စီးပွားရေးဈေးကွက် အနေနဲ့ နည်းပညာနဲ့ အလုပ်အကိုင်တွေရမှာ ဖြစ်တဲ့အတွက် အကျိုးရှိပါတယ်လို့လည်း ထောက်ပြပါတယ်။
SME လို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေ ဥပမာအားဖြင့် အထည်ချုပ်လုပ်ငန်းဟာ အောက်ခြေအထိ အလုပ်အကိုင် ဖန်တီးပေးတာကြောင့် အဲဒီလိုလုပ်ငန်းတွေကို ကန့်သတ်ထားသလို ဖြစ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။ နားဆင်ပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |