ဘီးလင်းမှာ လူကိုးဆယ်ခန့် အစာအဆိပ်သင့်

RFA Burmese
2024.07.09
ဘီးလင်းမှာ လူကိုးဆယ်ခန့် အစာအဆိပ်သင့် မွန်ပြည်နယ် သထုံခရိုင်၊ ဘီးလင်းမြို့နယ်တစ်နေရာအား တွေ့ရစဉ်။
Ninjastrikers

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကျောက်ရေတွင်းရွာမှာ ဇွန်လ ၈ ရက်နေ့က မင်္ဂလာဆောင်တစ်ခုမှာ ကျွေးမွေးဧည့်ခံတဲ့ ကြက်သားဒံပေါက်ကြောင့် လူကိုးဆယ်ခန့် အစာဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

အစာအဆိပ်သင့်မှု ဖြစ်ခဲ့သူတွေထဲက ငါးဆယ်ခန့်ကိုတော့ ဘီလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

အဲဒီအထဲက သက်ကြီးရွယ်အိုသုံးဦးနဲ့ ကလေးငယ်နှစ်ဦး ဝေဒနာပြင်းထန်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဖြစ်တာက အယောက် ကိုးဆယ်။ ကိုးဆယ်မှာ ဆယ်ငါးယောက်လောက်က ဆေးရုံတက်ရတာ။ ဆိုးဆိုးရွားရွားတော့ ငါးယောက်လောက်ပါတယ်။ သက်ကြီးရွယ်အိုသုံးယောက်နဲ့ ကလေးနှစ်ယောက်ပေါ့။ အသက်အန္တရာယ်တော့ မရှိပါဘူး”

ဒီနေ့ မနက်မှာတော့ လူနာငါးဆယ်ခန့်ထဲက လူငါးဦး ပြန်လည်သက်သာလာတာကြောင့် ဆေးရုံကဆင်းသွားပြီလို့ သူက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံက တာဝန်ရှိသူတစ်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အစာအဆိပ်သင့်လို့ လူငါးဆယ်ခန့် ဆေးရုံရောက်ရှိကြောင်း အတည်ပြုပြီး အခြေအနေအသေးစိတ်ကိုတော့ ဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ဧရာဝတီတိုင်း လပွတ္တာမြို့မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုက ပေးဝေတဲ့ထမင်းထုတ်ကို စားရာကနေ လူငါးဆယ်ခန့် အစာဆိပ်သင့်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။