ရေဘေးကြောင့် ပြောင်းရွှေ့နေ ရသူ ၉ သောင်းကျော်ရှိ

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခု မှာ ရေဘေးကြောင့် ပြောင်းရွှေ့နေရသူ ၉ သောင်းကျော်ရှိနေပြီလို့ သိရပါတယ်။

ရန်ကုန်-မော်လမြိုင် ကားလမ်းတစ်လျှောက် ရေလွှမ်းမိုးမှုဖြစ်နေတာကို ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဉ် ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ ရေဘေးကြောင့် ပြောင်းရွှေ့နေရသူ ၉ သောင်းကျော်ရှိနေပြီလို့ သိရပါတယ်။

ဆက်လက်ပြီး မြန်မာပြည်အထက်ပိုင်းမှာ မြစ်ရေကြီးနိုင်တဲ့ အခြေအနေတွေ ရှိနေသေးတဲ့အတွက် ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်နေတယ်လို့  ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

"ဇူလိုင်နောက်ဆုံးပတ်တို့ သြဂုတ်ပထမပတ်တို့မှာ အထက်ပိုင်းမှာ မြစ်ရေတက်လာနိုင်သေးတဲ့ အတွက်ကြောင့် ရေဘေးအတွက် သတိထားရနိုင်တယ်။ မြစ်ကြီးနားဘက်မှာ မြစ်ရေကြီးနိုင်တယ် အဲဒီကနေမှတဆင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ ရေဘေးအတွက် သတိထားရမယ့် အခြေအနေ ရှိသေးတယ်"

စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ကရင်၊ ဧရာဝတီ၊ မွန် စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေ ကြီးမှုကြောင့် ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့ကစပြီး ရေဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြတာ ဖြစ်ပါတယ်။

အဲဒီတိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုထဲမှာ မကွေးတိုင်းမှာ ပြောင်းရွှေ့နေရသူ ၆ သောင်းကျော်ရှိနေပြီး ရေဘေး ဒဏ်ခံရမှု အများဆုံးရှိနေသလို စစ်ကိုင်းတိုင်းမှာ ပြောင်းရွှေ့နေရသူ ၂ သောင်းကျော်နဲ့ ဒုတိယအများဆုံး တိုင်းဒေသကြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့ကစပြီး ရရှိထားတဲ့ စာရင်းတွေအရ ရေကြီးမှုကြောင့် ချင်းပြည်နယ်မှာ တစ်ဦးနဲ့ စစ်ကိုင်းတိုင်းမှာ တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နောက်နှစ်ရက်အထိ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ မွန်  စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org