ရေစကြိုနဲ့ မြောင်မှာ ရေကြီးရေလျှံမှုကြောင့် သီးနှံစိုက်ခင်း ဧကရာချီပျက်စီး

ချင်းတွင်းနဲ့ ဧရာဝတီမြစ် ဆုံတဲ့နေရာမှာရှိတဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်တွေမှာ ရေကြီးရေလျှံမှုကြောင့် ရိတ်သိမ်းခါနီး မတ်ပဲနဲ့ နှမ်းစိုက်ခင်း ဧကတစ်ရာကျော် ရေဝင်နစ်မြုပ်ပျက်စီးသွားပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်းက ရေကြီးနေသည်ကိုကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်။ Facebook/အညာပစ်တိုင်းထောင်လေးများအဖွဲ့

ချင်းတွင်းနဲ့ ဧရာဝတီမြစ် ဆုံတဲ့နေရာမှာရှိတဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်တွေမှာ ရေကြီးရေလျှံမှုကြောင့် ရိတ်သိမ်းခါနီး မတ်ပဲနဲ့ နှမ်းစိုက်ခင်း ဧကတစ်ရာကျော် ရေဝင်နစ်မြုပ်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။

မြောင်မြို့နယ်အောက်ပိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းနဲ့ မြစ်ကမ်းဘေးရွာတွေက စိုက်ပျိုးထားတဲ့ သီးနှမ်းစိုက်ခင်းတွေ ပျက်စီးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပဲစိုက်ခင်း မနှုတ်ရသေးတာတွေ ရေတစ်ခါတည်း မြုပ်သွားတာဗျ။ မရိတ်ရသေးတာတွေရော ရိတ်ပြီးပုံထားတာတွေရော ရေကထိုးတက်လာလို့ ပါသွားတာဗျ”

လက်ရှိမှာ မြောင်နဲ့ ရေစကြိုက ရွာပေါင်း ခုနစ်ဆယ်ထက်မနည်း ရေဘေးသင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူ၊ ဆားလင်းကြီးနဲ့ ကနီမြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုကြောင့် စစ်ဘေးဒုက္ခသည်တွေအပါအဝင် မြစ်ကမ်းဘေးမှာ နေထိုင်တဲ့ဒေသခံတွေ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကိုင်း၊ မန္တလေးနဲ့ ကချင်ပြည်နယ်က မြို့ပေါင်း ၁၇ မြို့မှာ စိုးရိမ်ရေမှတ်ကျော်နေပြီး နောက်ထပ် ရှစ်မြို့မှာ မြစ်ရေ ထပ်တိုးလာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၁၀ ရက် ဒီနေ့မှာ အသိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org