ရေဘေးကြောင့် သေဆုံးသူ ၄၃၃ ဦး အထိရှိလာ

ရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေမှာ သေဆုံးသူ ၄၃၃ ဦးအထိရှိလာပြီး ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူက ၇၉ ဦး ရှိတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

လွိုင်လင်မြို့နယ် အိမ့်ချစ်ကျေးရွာတွင် ရေကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုတွေမှာ သေဆုံးသူ ၄၃၃ ဦးအထိရှိလာပြီး ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူက ၇၉ ဦး ရှိတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြို့နယ်ပေါင်း ၁၁၀ က သီးနှံစိုက်ဧက ရှစ်သိန်းနီးပါး ပျက်စီးခဲ့သလို လယ်ယာသုံး ကျွဲ၊ နွားတွေ အပါအဝင် တိရစ္ဆာန် တစ်သိန်းခုနစ်သောင်းကျော် (၁၇၆၂၄၆ ကောင်) သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီ့အပြင် လူနေအိမ်၊ ရုံးဌာန၊ စာသင်ကျောင်း၊ ဘာဘာသာရေးဆိုင်ရာအဆောက်အအုံ၊ လမ်း/တံတား၊ လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေလည်း ပျက်စီးခဲ့တာကြောင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ အပြီးဆောင်ရွက်မှာဖြစ်တဲ့အတွက် အချိန်ကန့်သတ်ချက်တွေရှိလို့ အလျင်အမြန် အကောင်အထည်ဖော်မယ်လို့လည်း ဆိုပါတယ်။

ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းက လူပေါင်း တစ်သန်းခန့် ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးရေးပစ္စည်းတွေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဝန်ဆောင်မှုအကူအညီတွေ အချိန်မီမရခဲ့ရင် ပြန်လည်ထူထောင်ရေး နှေးကွေးမှာဖြစ်ပြီး အဲဒီဒေသတွေမှာ ရေရှည်အခက်အခဲတွေကို ဆက်ရင်ဆိုင် ရမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ လာမဲ့အောက်တိုဘာလအတွင်းမှာ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ တစ်ကြိမ်စီနဲ့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ တစ်ကြိမ်ခန့် အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အသီးသီးကို ကျော်လွန်ရောက်ရှိနိုင်ပြီး ရေကြီးမှုတွေ ထပ်ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org