တန့်ဆည်မှာ စစ်ကြောင်းဝင်နေလို့ လူငါးထောင်ကျော် ထွက်ပြေးနေရပြီး အမျိုးသမီးတစ်ဦးသေဆုံး

တန့်ဆည်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ တစ်ပတ်ခန့်အကြာ စစ်ကြောင်းထိုးနေတာကြောင့် လူငါးထောင်ကျော် ထွက်ပြေးနေရပြီး စစ်ကြောင်းထိုးစဉ် လက်နက်ကြီးနဲ့ပစ်ခတ်လို့လည်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးရသည့် တန့်ဆည်ဒေသခံများအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဥ်။ Taza News

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ မေ ၂၂ ရက်နေ့ကစလို့ ၂၉ ရက် ဒီနေ့အထိ တစ်ပတ်ခန့်အကြာ စစ်ကြောင်းထိုးနေတာကြောင့် လူငါးထောင်ကျော် ထွက်ပြေးနေရပြီး စစ်ကြောင်းထိုးစဉ် လက်နက်ကြီးနဲ့ပစ်ခတ်လို့လည်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်သုခ၊ တုတ္တလုပ်(တောင်၊ မြောက်)၊ ရွာသစ်၊ ညံသာ၊ ရွှေလှန်၊ သာစီကုန်း စတဲ့ရွာတွေက ဒေသခံတွေ ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး မေ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်က တုတ္တလုပ် (မြောက်) ရွာကိုဝင်ရောက်စီးနင်းစဥ် လက်နက်ကြီးနဲ့ပစ်ခတ်မှုမှာတော့ ရွာခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၅၁ နှစ်အရွယ် ဒေါ်မြင့်မြင့်စန်းဖြစ်ပြီး ရုပ်အလောင်းကို စစ်ကောင်စီတပ်က နေအိမ်ထဲထည့်ပြီး မီးရှို့သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာထဲကိုဝင်လာချိန် လက်နက်ကြီးနဲ့ပစ်တာ။ သူ့မှန်ပြီးသေသွားတာ။ အဲဒီရွာက အိမ်တစ်အိမ်မှာပဲ အလောင်းထည့်ပြီး မီးရှို့သွားတယ်”

မေလ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာတော့ အောင်သုခနဲ့ တုတ္တလုပ်ရွာမှာတပ်စွဲထားတဲ့ အဲဒီစစ်ကြောင်းဟာ အင်းဘတ်ရွာဘက်ကို အင်အား တစ်ရာခန့်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာ တစ်ပတ်ခန့် ကြာတဲ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာကြောင့် စစ်ဘေးဒုက္ခသည်တွေလည်း နေထိုင်စားသောက်ရေး အခက်အခဲတွေ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်ထဲမှာ စစ်ကောင်စီက စိုးမိုးနယ်မြေတွေ တိုးချဲ့နေပြီး အရင်က အထိုင်စခန်းမရှိတဲ့နေရာတွေဖြစ်တဲ့ ရေဦးမြို့ဘက်အထွက် ကျွဲဆွဲရွာအနီးမှာ ဂိတ်စခန်းတစ်ခုနဲ့ ကံထူးမရွာအနီးမှာ ဂိတ်တစ်ခုတိုးချထားတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မေ ၄ ရက်နေ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော် ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org