လိုင်စင်မထုတ်ပေးခင် ကြားကာလမှာ ငါးဖမ်းခွင့်ပေးဖို့ တောင်းဆို

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်က ကမ်းနီးငါးဖမ်းလှေပိုင်ရှင်တွေ နဲ့ လှေလုပ်သား စုစုပေါင်း ၁၀၀ လောက်ဟာ ငါးဖမ်းလိုင်စင် မရှိသေးတဲ့အတွက် ၁၉၉၀ မြန်မာ့ ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေကို မပြင်ရသေးတဲ့ကြားကာလအတွင်း လိုင်စင်မရှိဘဲ ငါးဖမ်းခွင့်ပေးဖို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်က ငါးဖမ်းလှေတချို့ကို တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်က ကမ်းနီးငါးဖမ်းလှေပိုင်ရှင်တွေနဲ့ လှေလုပ်သား စုစုပေါင်း ၁၀၀ လောက်ဟာ ငါးဖမ်းလိုင်စင် မရှိသေးတဲ့အတွက် ၁၉၉၀ မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေကို မပြင်ရသေးတဲ့ကြားကာလအတွင်း လိုင်စင်မရှိဘဲ ငါးဖမ်းခွင့်ပေးဖို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက် ပါတယ်။

ကျွန်းစုမြို့နယ်မှာရှိတဲ့ ရေတပ်က လာမယ့် ဇန်နနဝါရီလ ၁ ရက်နေနောက်ပိုင်း ငါးဖမ်းလိုင်စင်တွေ စစ်ဆေးမယ် ဆိုတာကြောင့် ဖမ်းဆီးခံရမှာ စိုးရိမ်နေကြတဲ့အတွက် ကျေးရွာ ၉ ရွာက လှေပိုင်ရှင်တွေနဲ့ လှေလုပ်သားတွေက ဒီနေ့ မောင်းမကန်ကျေးရွာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သဘောဆိပ်ပြင်ကြီး မျောပိုက်လှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းသိန်းက အမြန်ဆုံး လိုင်စင်ချပေးဖို့နဲ့ လိုင်စင်မချပေးခင်မှာ မဖမ်းဆီးဖို့ ဒေဿန္တရအမိန့် ထုတ်ပြန်ပေးစေချင်တယ် လို့ ပြောပါတယ်။

"ဒီမှာ ၁ လပိုင်း ၁ ရက်နေ့ကို စစစ်ဆေးတော့မယ်ပေါ့၊ ပင်လယ်ပြင်မှာ စစစ်ဆေးတော့မယ် လူတွေ အကုန်လုံးကိုပေါ့၊ မဖမ်းဘူးဆိုတာ မပြောနိုင်ဘူးလေ၊ အချိန်မရွေးဖမ်းနိုင်တယ်၊ ရှေးစကားပုံကိုပြော ရမယ်ဆိုရင် ကံဆိုးသူမောင်ရှင် ပုံစံမျိုးနဲ့ သွားလို့တော့မရဘူး၊ တစ်နေ့ကံမဆိုးဘူးဆိုတာ ပြောလို့ မရဘူး၊ ဥပဒေပြုနေတဲ့ အချိန်လေးမှာ တိုင်းအစိုးရကပဲဖြစ်ဖြစ် ဘာကဖြစ်ဖြစ်ပေါ့၊ ဌာနတစ်ခုခု ကနေပြီးတော့ ဒေဿန္တရအမိန့် တရားဝင်ပေါ့၊ အဲဒါလေး လိုချင်တာပါ"

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်က ငပိတတ်ကျေးရွာအုပ်စု၊ မောင်းမကန်ကျေးရွာအုပ်စု နဲ့ ကျောက်ဆင်ကျေးရွာအုပ်စုတွေမှာရှိတဲ့ ကမ်းနီးမျောပိုက်လှေတွေကို ငါးဖမ်းလိုင်စင် လှေလိုင်ချမပေးတာဟာ တစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။

အရင်ကအခုချိန်ဆို လှေလိုင်စင်၊ ငါးဖမ်းလိုင်စင်တွေ ချပေးလေ့ရှိပြီး ဒီနှစ်မှာတော့ ကမ်းနီးငါးဖမ်းလှေတွေဟာ ကမ်းနီးရေလုပ်ငန်း ဥပေဒေနဲ့မကိုက်ညီဘူးဆိုပြီး လိုင်စင်ချပေးတာတွေ မရှိပါဘူး။

ဒီလို ငါးဖမ်းလိုင်စင်တွေကို ထုတ်မပေးတာဟာ ၁၉၉၀ မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေအရ ကမ်းနီး ငါးဖမ်းလှေတွေဟာ အလျားပေ ၃၀ ထက် မကျော်ရ အင်ဂျင် မြင်းကောင်ရေ ၂၀ ထက် မကျော်ရဆိုပြီး ကန့်သတ်ထားပါတယ်။

ဒီမြန်မာ့ပင်လယ်ပြင်ဥပဒေအရ ကမ်းနီးငါးဖမ်းလှေတွေကို ခေတ်နဲ့အညီပြုပြင်ဖို့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြထားပေမယ့် ခုထိအတည်မပြုနိုင်သေးတာကြောင့်  ငါးဖမ်းလိုင်စင်တွေ ချမပေးတဲ့အခြေအနေ ဖြစ်နေ ပါတယ်။

ဒီဒေသမှာ ကမ်းနီးငါးဖမ်းလှေတွေဟာ ငါးအမိနည်းတာ၊ ရာသီဥတု ဖောက်ပြန်လာတာတွေကြောင့် လှေတွေဟာ တဖြည်းဖြည်ကြီးလာသလို အင်ဂျင်ပါဝါတွေလည်း ပိုများလာတယ်လို့ ဒေသခံလှေပိုင်ရှင်တွေက ပြောပါတယ်။

လက်ရှိမှာ လောင်းလုံမြို့နယ်အတွင်း ကမ်းနီးငါးဖမ်းလှေ ထောင်ချီရှိပြီး ၃ ပုံ၂ ပုံကျော်ဟာ လက်ရှိကမ်းနီး ငါးဖမ်းဥပဒေအရ ပေ ၃၀ ထက်ကျော်တဲ့ လှေတွေများပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org