မြိတ်မြို့က ငါးအမှုန့်ကြိတ်စက်ရုံကို ပိတ်သိမ်းဖို့ ညွှန်ကြား

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာရှိတဲ့ ဗင်းတေ့ချ် (Vitage) ငါးအမှုန်ကြိတ်စက်ရုံဟာ ငါအပုတ်တွေနဲ့ လုပ်ကိုင်နေတာကို စစ်ဆေးတွေရှိတာကြောင့် တိုင်းစည်ပင်ဥပဒေအရ ပိတ်သိမ်းဖို့ မနေ့က မြို့နယ်စည်ပင်ယာရေးကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့က တိရစ္ဆာန်အစာ ထုတ်လုပ်တဲ့ ငါးအမှုန့်ကြိတ်စက်ရုံ တစ်ရုံကို တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာရှိတဲ့ ဗင်းတေ့ချ် (Vitage) ငါးအမှုန်ကြိတ်စက်ရုံဟာ ငါအပုတ်တွေနဲ့ လုပ်ကိုင်နေတာကို စစ်ဆေးတွေရှိတာကြောင့် တိုင်းစည်ပင်ဥပဒေအရ ပိတ်သိမ်းဖို့ မနေ့က မြို့နယ်စည်ပင် ယာရေးကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ညက စစ်ဆေးရေးအဖွဲ့တွေ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှာ ဒီဗင်းတေ့စက်ရုံဟာ ငါးအပုတ်ကီလို ၇၀၀၀ ကျော်ကို ငါးလတ်ဆက်တာတွေနဲ့ ရောနှောလုပ်ကိုင်နေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မြိတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီချို၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်စည်ပင်က တာဝန်ရှိသူတွေ၊ ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတွေ အစည်းအဝေးအဝေးပြုလုပ်ကာ ပိတ်သိမ်းဖို့ ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။

ဆက်လက်လုပ်ကိုင်ပါက တိုင်းစည်ပင်ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း စည်ပင်သာရေး ကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလို အရေးယူတာတွေ မလုပ်ခင်မှာ ငါးအမှုန့်ကြိတ်စက်ရုံတွေအနေနဲ့ လက်ဆက်တဲ့ ကုန်ကြမ်းတွေကိုသာ အသုံးပြုဖို့နဲ့ ပတ်ဝန်းကျင်ကို အနံ့ဆိုးတွေ မပျံ့နှံ့အောင် လုပ်ဆောင်ဖို့အတွက် စက်ရုံတာဝန်ရှိသူတွေကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ရှေ့မှာ ခံဝန်လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

မြိတ်မြို့ပေါ်မှာ ငါးအမှုန့်ကြိတ်စက်ရုံ လေးရုံရှိပြီး အဲဒီစက်ရုံတွေကနေ အနံ့ဆိုးတွေထွက်တာကြောင့် အရင်က မကြာခဏဆိုသလို တိုင်ကြားခံရတာတွေ၊ ဆန္ဒပြတာတွေရှိခဲ့ပေမယ့် အရေးယူတာတွေမရှိခဲ့ဘဲ အခုမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ပထမဆုံးအကြိမ် အရေးယူတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူတွေ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org