စာသင်ကျောင်းမီးလောင်လို့ မီးငြိမ်းဖို့လာတဲ့ မီးသတ်ကားတိမ်းမှောက်၊ နှစ်ယောက်သေ

2021.05.26
စာသင်ကျောင်းမီးလောင်လို့ မီးငြိမ်းဖို့လာတဲ့ မီးသတ်ကားတိမ်းမှောက်၊ နှစ်ယောက်သေ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာဒေသက သံဘိုရွာအဝင်မှာ ၂၀၂၁၊ မေ ၂၅ ရက်နေ့ညက မီးသတ်ကားတစ်စီး တိမ်းမှောက်နေတာကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာဒေသက စစ်တောကုန်းကျေးရွာမှာ အလယ်တန်းကျောင်း တစ်ကျောင်း မီးလောင်ခဲ့ရာ မီးသတ်ကားတစ်စီး တိမ်းမှောက်ခဲ့လို့ မီးသတ်ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၅ ရက် ည ၁၀ နာရီလောက်က အဲဒီစာသင်ကျောင်းမှာ ပေါက်ကွဲမှုဖြစ်ရာကနေ မီးလောင်ခဲ့ပါတယ်။ မီးငြိမ်းသတ်ဖို့အတွက် အင်းတော်ကနေလာတဲ့ မီးသတ်ကားတစ်စီးဟာ သံဘိုရွာအဝင်က လမ်းကုန်းအဆင်း အရောက် တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါလာတဲ့ မီးသတ်တပ်ဖွဲ့ဝင် ဒု-တပ်ကြပ် တစ်ဦးနဲ့ အရန် တပ်သားတစ်ဦး တို့ သေဆုံးခဲ့တယ်လို့ ဒေသခံ ရွာသားတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

စာသင်ကျောင်း မီးလောင်တဲ့အကြောင်းအရင်းနဲ့ ဘယ်သူ့လက်ချက်ကြောင့် မီးလောင်ရသလဲဆိုတာနဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။

ရွာလူကြီးတွေကတော့ အစောင့်ကြပ်နဲ့ မေလ (၂၆) ရက် ဒီကနေ့မှာ စာသင်ကျောင်းဖွင့်ဖို့ စီစဉ်ထားတာလို့ သိရပြီး အခုလိုမီးလောင်ခဲ့တာကြောင့် အင်းတော်မြို့ကိုသွားပြီး အမှုဖွင့်ထားတယ်လို့ ရွာသား တစ်ဦးက ဆိုပါတယ်။

မီးသတ်ကားတိမ်းမှောက်လို့ သေဆုံးခဲ့ရတဲ့သူ နှစ်ဦးမှာ ပင်လည်ဘူးမြို့နယ်၊ ဂွေးချိုရွာက ဒုတပ်ကြပ် ဉာဏ်ထက်ဦး (၂၄) နှစ် နဲ့ အင်းတော်မြို့နယ်၊ တုန်းတော်ကျေးရွာက တပ်သား အာကာဖြိုး (၂၁) နှစ်တို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။