တပ်နဲ့ရဲ ပူးပေါင်းကင်းစခန်းကို AA ဝင်တိုက်


2019.10.05
kontaung-fired-622.jpg မီးရှို့ခံရတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကွမ်းတောင်ကျေးရွာကို တွေ့ရစဉ်
Photo: MP Oung Thaung Shway

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကွမ်းတောင်ကျေးရွာက နေအိမ်တွေကို တပ်မတော်က မနေ့ နေ့လယ်ပိုင်း ဝင်ရောက်မီးရှို့တာကြောင့် တပ်မတော်ရဲ့စခန်းကို အခုလိုပြန်လည် တိုက်ခိုက်တာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ"မနက် သုံးနာရီ မထိုးခင်လောက်မှာ ကြာညိုပြင်တံတားနားမှာရှိတဲ့ ဗမာစစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို ကျွန်တော်တို့ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိတယ်၊ အဲဒီဟာက သူတို့က မနေ့က ဒီ ဘူးသီးတောင်မြို့နယ် ကွမ်းတောင်ရွာကို မီးရှို့တယ်၊ နောက်ပြီး တော့ သူတို့ ဒီရွာတွေကို အသားလွတ်ကြီး သေနတ်နဲ့ပစ်တာရှိတယ်၊ ဟိုနေ့ကလည်း အဲဒီစေတီတောင်ရွာကို သေနတ်နဲ့ပစ်တယ်၊ လမ်းပေါ်ကနေပြီးတော့၊ အဲလိုသေနတ်နဲ့ မတရားပစ်တာတွေ ရှိတယ်၊ အဲမှာ ကျောင်းသူလေးတစ်ယောက်ထိတယ် သုံးရက်နေ့က၊ အခု အဲဒီစစ်ကြောင်းက တော်တော်လေး သောင်းကျန်းနေတယ်၊ အဲဒါကြောင့်မို့ သူတို့ကို ကျွန်တော်တို့ကနေပြီးတော့ ကျွန်တော်တို့ ရဲ့ ပြည်သူတွေကို မတရား အနိုင်ကျင့်နေတယ်၊ နောက်ပီးတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ရွာတွေကို မီးရှို့တယ်၊ အဲဒါကြောင့် မို့လို့ ကျွန်တော်တို့က အဲဒီစစ်ကြောင်းကို တိုက်ခိုက်တာဖြစ်တယ်"

ကွမ်းတောင်ကျေးရွာမှာ မနေ့ နေ့လည် ၂ နာရီလောက်က နေအိမ်တွေ မီးအရှို့ခံခဲ့ရပြီး နေအိမ်တော်တော်များများ မီးလောင်သွားတယ်လို့  ခိုင်သုခ က ဆိုပါတယ်။ AA ဟာ အပစ်ရပ်ကြေညာထားတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့က မီးလောင်တဲ့ဖြစ်စဉ် တကယ်မဖြစ်ခဲ့ဘဲ အရင်က မီးလောင်ခဲ့တဲ့ သတင်းအဟောင်းကြီးသာဖြစ်တယ်လို့ RFA ကို တုံ့ပြန်ပြောပါတယ်။

အဲလိုတွေသာ လျှောက်လျှောက်လုပ်နေလို့ကတော့ ဟုတ်လား AA ကတော့ မြန်မြန်အမြစ်ပြတ်တော့မယ်နော့

"အဲဒီပြောတဲ့ဟာတွေက ဒေသခံတွေမဟုတ်ဘူး၊ ဒေသခံ အယောင်ဆောင်ထားတဲ့ AA တွေကပြောတာ၊ ဒေသခံ အမည်ခံထားတော့ AA သောင်းကျန်းသူတွေက ပြောတာ၊ ရွာသားအစစ်က မပြောဘူး၊ မီးလောင်တာလည်း မရှိဘူးနော်၊ အဲမှာလျှောက်ပြီးပြောတာ ဟိုးအရင်တုန်းက လွန်ခဲ့တဲ့ တစ်လလောက်က ဥယျာဉ်သာနားမှာ တိုက်ပွဲဖြစ်တုန်းက ဥယျာဉ်သာရွာ မီးလောင်သွားတာရှိတယ်၊ နှစ်ဘက်တိုက်ပွဲဖြစ်လို့ ရွာမီးလောင်တာ၊ အဲဒီပုံကြီးတွေကိုတင်တာ၊ အဲလိုတွေသာ လျှောက်လျှောက်လုပ်နေလို့ကတော့ ဟုတ်လား AA ကတော့ မြန်မြန်အမြစ်ပြတ်တော့မယ်နော့"

ကွမ်းတောင်ရွာ မီးလောင်တာမဟုတ်မှန်ဘူးလို့ တပ်မတော်ဘက်ကပြောပေမယ့် အဲဒီရွာအနီးက စေတီတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ဒီဖြစ်စဉ်ဟာ မှန်ကန်တယ်လို့ RFA ကို အတည်ပြုပြောဆိုပါတယ်။

"ကွမ်းတောင်မှာ မီးလောင်တာမှန်တယ် မှန်တယ်၊ နှစ်နာရီလောက်က မီးလောင်တာ၊ အိမ်ခြေက ဆယ်အိမ်လောက်ပါသွားတယ်လို့ ပြောသံကြားတယ်ခင်ဗျ၊ ရွာသူရွာသားတွေက စေတီတောင်မှာပဲအကုန်လုံး၊ စေတီတောင်မှာ တိုက်ပွဲရှောင်နေကြတာ၊ ဘယ်သူ့ဆီက ရှို့တယ်ဆိုတာ ပြောဖို့ခက်ခဲတယ်၊ ညနေလည်း မီးအလင်းရောင်တွေမြင်ရတယ်လေ"

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း မီးခိုးလုံးတွေကို တစ်ဘက်ကမ်းမှာရှိတဲ့ စေတီတောင်ကျေးရွာကနေ လှမ်းမြင်နေရတယ်ဆိုတာ ရွာခံတွေက ဖုန်းဆက်အကြောင်းကြားတယ်လို့ RFA ကိုပြောပါတယ်။

ကွမ်းတောင်ရွာ ဒေသခံ ၂၀၀ ကျော်လောက်ကတော့ လွန်ခဲ့တဲ့ တစ်လကျော် လောက်ကတည်းက ရွာတစ်ဘက်ခြမ်းက စေတီတောင်ကျေးရွာမှာ စစ်ဘေးရှောင်နေကြတာဖြစ်လို့ မီးလောင်နေချိန်မှာ ဒေသခံတစ်ယောက်မှရွာထဲမှာမရှိဘူးလို့ သိရပါတယ်။

ကျေးရွာတွေကို မီးရှို့လို့ဆိုပြီး ဒီနေ့မနက်ပိုင်း တပ်မတော်ကင်းစခန်းတစ်ခုကို AA က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုတော့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ---

"AA က သူတို့ပြောတာနဲ့ ဆန့်ကျင်ဘက်တွေချည်းပဲ၊ တပ်တွေကို ထိုးစစ်မဆင်ပါဘူးတို့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိသလောက်ပဲ။ ခုခံတဲ့အဆင့်လောက်ပဲ လုပ်မယ်ဆိုပြီး မနေ့က ဖုန်ညိုလိပ်ဆိုတာ ဘူးသီးတောင်နဲ့ဆို ဘယ်လောက်မှမဝေးတော့ဘူး၊ ဆယ်မိုင်လောက်ပဲ ဝေးတယ်၊ အဲဒီနေရာမှာ ကျေးရွာချင်းဆက်ထားတဲ့ တံတားရှိတယ်၊ အဲဒီတံတားကြီး ကျိုးသွားလို့ရှိရင် ဒေသမှာ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားမှာစိုးတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့နဲ့ တပ်နဲ့ပေါင်းပြီးတော့မှ အဲမှာလုံခြုံရေးချထားတယ်၊ အဲချထားတဲ့နေရာကို လှမ်းပစ်တာ၊ အဝေးကနေပြီးတော့ပစ်တာ ဘာမှမဖြစ်ဘူး"

ဒီမနက် တိုက်ပွဲမှာ တပ်မတော်ဘက်က ထိခိုက်ကျဆုံးသူ များတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ပြောပေမယ့် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ငြင်းဆိုပါတယ်။

AA က ဝင်ရောက်တိုက်ခိုက်ရာမှာ အပြန်အလှန် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် သရက်ပြင်ကျေးရွာနဲ့ ကြာညိုပြင်ကျေးရွာတွေက ဒေသခံ ၅၀၀ လောက် ရွာထဲမှာ ပိတ်မိနေပြီး ကြောက်ရွံ့နေကြတယ်လို့ ဦးအောင်သောင်းရွှေက ပြောပါတယ်။

လာရောက်ကူညီမယ့်သူတွေကို စောင့်မျှော်နေတယ်လို့ ဦးအောင်သောင်းရွှေက ဆက်ပြောပါတယ်။

သရက်ပြင်ရွာနဲ့ ဒီကြာညိုပြင်ရွာကလူတွေ အရမ်းကြောက်နေကြတယ်၊ သူတို့က ဘူးသီးတောင်ကို လာချင်တယ်

"ဒီဆိုင်းတင်တံတားမှာတော့ တိုက်ပွဲဖြစ်တယ်၊ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အသံတွေကြားတယ်၊ မနေ့ကတော့ ကျွန်တော် ဖုန်းဆက်ပြီးမှ လူတွေကိုမေးတော့ လူတွေတော့ လောလောဆယ်မှာ ထိခိုက်မှုမရှိဘူး၊ ဒါပေမဲ့ သရက်ပြင်ရွာနဲ့ ဒီကြာညိုပြင်ရွာကလူတွေ အရမ်းကြောက်နေကြတယ်၊ သူတို့က ဘူးသီးတောင်ကို လာချင်တယ်။ ကျွန်တော်တို့ကို ကယ်ထုတ်ပါဆိုပြီးတော့မှ အကူအညီတောင်းနေကြတယ်၊ ကျွန်တော်ကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြောထားတယ်၊ နောက်ပြီးတော့ ဒီ ကြက်ခြေနီအဖွဲ့တို့ ဘာတို့ကိုလည်း ပြောထားတာရှိတယ်"

အဲဒီကျေးရွာတွေမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကူညီဖို့ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ကတော့ ဒီကနေ့ သွားနေပြီဖြစ်တယ်လို့ ကြက်ခြေနီအဖွဲ့ရဲ့ မောင်တောမြို့အဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲ မှာ တပ်မတော်ဘက်က ပြောကြားချက်တွေအရ သြဂုတ် ၂၁ ရက်နေ့ကနေ စက်တင်ဘာ ၂၀ ရက်နေ့အထိ ရခိုင်ပြည်နယ်ထဲမှာ ရက္ခိုင့်တပ်တော် AA နဲ့ ထိတွေ့တိုက်ပွဲပေါင်း ၃၇ ကြိမ်ဖြစ်ပွားခဲ့တယ်လို့  သိရပါတယ်။

၂၀၁၈ ဒီဇင်ဘာလက စတင်ခဲ့တဲ့ AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် သေဆုံးသူ ၉၀ နီးပါး ရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၀ ကျော် ရှိနေပြီလို့ ရခိုင်အခြေစိုက် အရပ်ဖက် အဖွဲ့တွေက ပြောကြပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။