တိုက်ပွဲဧရိယာမှာ မနေကြဖို့ ရွှေကုက္ကိုဒေသခံတွေကို ကော်သူးလေးတပ်မတော် သတိပေး
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.04.08
2023.04.08

Photo: Citizen Journalist
ကော်သူးလေးတပ်မတော်၊ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် BGF တို့ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်အနီးက ပြည်သူတွေ တိုက်ပွဲဧရိယာနဲ့ လွတ်တဲ့နေရာတွေ တိမ်းရှောင်ပေးကြဖို့ ကော်သူးလေးတပ်မတော်က ဧပြီ ၇ ရက်နေ့စွဲနဲ့ သတိပေးလိုက်ပါတယ်။
ဧပြီလ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွှေကုက္ကိုမြို့သစ်ဟာ စစ်ကောင်စီအတွက် တရားမဝင်ငွေကြေး(ငွေမဲ) ရှာဖွေပေးတဲ့ နေရာဖြစ်သလို မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲ ရောင်းချရာနေရာဖြစ်ပြီး၊ တိုင်းရင်းသူ အမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် လိမ်လည်လှည့်ဖြားစေခိုင်းတဲ့နေရာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ရဲ့လုပ်ဆောင်ချက်ဟာလည်း ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်စေဘဲ ကရင်ပြည်နယ်ပျက်စီးအောင် ဆောင်ရွက်နေတာကြောင့် ကော်သူးလေး တပ်မတော် အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ပွဲဝင်ရတာ ဖြစ်တယ်လို့ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်၊ လက်အောက်ခံ BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA အပါအဝင် ကော်သူးလေးတပ်မတော်၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းကျော် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ပါ။ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ BGF တပ်ဖွဲ့က ဗိုလ်မှူးနိုင်မောင်ဇော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကို ဆက်သွယ် ရာမှာတော့ မဖြေဆိုနိုင် သေးဘူးလို့ပဲ တုံ့ပြန်ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြဝတီ - ကော့ကရိတ်အာရှ လမ်းမကြီးတစ်လျှောက်ကိုလည်း ဒေသခံတွေနဲ့ ခရီးသွားတွေအနေနဲ့ ဧပြီလ ၇ ရက်ကနေ ၂၁ ရက်နေ့အထိ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ KNLA ပူးပေါင်း စစ်ကြောင်းရှစ်ခုက သတိပေးကြေညာထားပါတယ်။