ဒုက္ခသည်စခန်းမှာ H1N1 ရောဂါပိုးကူးစက်ခံရသူ တွေ့ရှိ


2017.09.09
maela-refugees-camp-622 ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: RFA

ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းနှစ်ခုမှာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ A (H1N1) ရောဂါပိုးရှိသူ ဒုက္ခသည် ၃၀၀ ခန့် တွေ့ရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့တဲ့အတွက် ရောဂါပိုး တွေ့ရှိသူများတဲ့ မယ်ရာမိုဒုက္ခသည်စခန်းကို ဝင်ထွက်သွားလာမှုတွေကို ထိုင်းအာဏာပိုင်တွေက ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

A (H1N1) ရောဂါပိုးတွေ့ရှိတဲ့ ဒုက္ခသည်စခန်းတွေကတော့ မယ်ဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့နယ်မှာရှိတဲ့ မယ်ရာမိုဒုက္ခသည်စခန်းနဲ့ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ ဖြစ်ပွားခဲ့တာလို့ ကရင်ဒုက္ခသည်ကော်မတီ KRC ဥက္ကဌ စောရောဘတ်က အတည်ပြုပြောဆိုပါတယ်။

"အခုကတော့ ဖြစ်တာတော့ ကျနော်တို့ခေါ်တာ မယ်ရာမို လေ၊ စခန်းမှာ နှစ်ယောက်တော့ ဆုံးသွားတယ်။ မယ်လမှာတော့ တစ်ယောက်ဖြစ်တာတော့ အဲ့ဒီ ဟိုး ၂၀၀၉ ကနေစတာပဲ ဒါကတော့၊ ဒါပဲရှိတယ်လေ၊ ဒီပြင့် CAMP တွေကတော့ ရှိပါဘူး။ အခုတော့ ဆရာဝန်တွေက စောင့်ကြည့်တဲ့လူတွေရော ပညာသွားပေးကြ ပြီးနော် စခန်းထဲမှာ၊ အခုနောက်ဆုံးအခြေအနေက ကျနော်ထင်တာတော့ ပိုကောင်းလာမှာပါနော်"

A (H1N1) ရောဂါပိုး အများဆုံးတွေ့ရှိခဲ့တဲ့ မယ်ရာမိုဒုက္ခသည်စခန်းမှာတော့ အသက် ခြောက်နှစ်အရွယ်နဲ့ ငါးနှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့ပြီး သြဂုတ်လ ၁ ရက်နေ့ကစလို့ ဒီရောဂါပိုးကို တွေ့ရှိခဲ့ရာက ၂၉၉ ယောက်အထိ တွေ့ရှိခဲ့တာဖြစ်လို့ စခန်းအတွင်း ဝင်ထွက်သွားလာမှုတွေကိုပါ ပိတ်ပင်ထားတယ်လို့ မယ်ရာမိုဒုက္ခသည်စခန်းကို တာဝန်ယူထားတဲ့ ကရင်ဒုက္ခသည်ကော်မတီ KRC အဖွဲ့က မြောက်ပိုင်းတာဝန်ခံ စောတူးတူးက အခုလိုပြောဆိုပါတယ်။

"အခု မယ်ရာမို ကတော့ လမ်းကတော့ မဖွင့်သေးဘူး၊ အသွားအလာတော့ ပိတ်ထားတုန်းပဲပေါ့၊ ဖြစ်ပွား တာကတော့ အများအားဖြင့်က ရောဂါနည်းနည်း နေမကောင်းတဲ့လူ ဆေးရုံလာလို့ရှိရင် ရောဂါစမ်းကြည့် တယ်၊ စမ်းကြည့်တော့ ဒီပိုးတွေ တွေ့တယ်၊ ပြီးတော့ ဆေးတိုက်တယ်၊ ရောဂါပိုး လက္ခဏာ ပေါ်လာတာ ၂၉၉ ယောက်ပေါ့နော်၊ ကလေးလေးက ၂ ယောက်ပေါ့၊ ၆ နှစ် ၁ ယောက်ရယ် ၅ နှစ် ၁ ယောက်ရယ်၊ အဲ့ဒီ ကလေးကတော့ မသန်းမစွမ်းဖြစ်နေတာပေါ့၊ မသန်မစွမ်းတဲ့ကလေးက ဒီပိုးဝင်တဲ့အခါကြတော့ သူခံနိုင်ရည်မရှိတော့ သူဆုံးသွားတယ်။ အခု လက်ရှိ အခြေအနေကတော့ အများကြီး ကောင်းလာပေမယ့် လည်း အဝင်အထွက်တော့ မလုပ်ရသေးဘူး၊ မြို့နယ်ရုံးကလည်းပဲ အဝင်အထွက် ခွင့်မပေးသေးဘူးပေါ့ ၊ ဒီရောဂါကတဲ့ ဗမာပြည်ကနေလာတယ် ဝင်လာတယ်တဲ့၊ သဘောက ဗမာပြည်ကိုပြန်တဲ့လူတွေ ပြန်သယ်လာတဲ့ သဘောမျိုးပေါ့"

လောလောဆယ်မှာတော့ မယ်ရာမို ဒုက္ခသည်စခန်းအတွင်းမှာ ရောဂါပိုးရှိသူတွေအနေနဲ့ ရပ်ကွက် တစ်ခုနဲ့ တစ်ခု၊ နေအိမ် တစ်အိမ်နဲ့ တစ်အိမ်၊ သွားလာနေထိုင်မှုတွေကို ပိတ်ပင်ထားပြီး ကျန်းမာရေးတာဝန်ခံတွေက သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကျန်းမာရေး အသိပညာပေးမှုတွေ ဆောင်ရွက်နေပြီး အနီးကပ်စောင့်ကြည့် ကုသတာတွေ ဆောင်ရွက်နေတယ်လို့လည်း ဆက်ပြောပါတယ်။

မယ်လဒုက္ခသည်စခန်းမှာတော့ မကြာသေးခင်ရက်ပိုင်းက ဒုက္ခသည်အမျိုးသမီးတစ်ဦး သေဆုံးတာ ရှိခဲ့ပေမယ့် လောလောဆယ် ရောဂါပိုးတွေ့ရှိထားသူ နှစ်ဦးရှိပြီး ကျန်းမာရေးတာဝန်ခံတွေက အနီးကပ် စောင့်ကြည့် မှုတွေလုပ်နေတယ်လို့ မယ်လဒုက္ခသည်စခန်း အတွင်းရေးမှူး စောစဲမစန်က ပြောပါတယ်။

ဒီရောဂါဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်စခန်းမှာရှိတဲ့ ကျန်းမာရေး တာဝန်ခံတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ကျန်းမာရေး အကူအညီပေးနေတဲ့ NGO တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ရမှ ပြောခွင့်ရှိ တာကြောင့် ဖြေဆိုလို့မရကြောင်း ငြင်းဆိုခဲ့ပါတယ်။

ထိုင်း မြန်မာ နယ်စပ်မှာ ကရင်ဒုက္ခသည်စခန်း ၉ ခုရှိပြီး မယ်ရာမို ဒုက္ခသည်စခန်းမှာတော့ အိမ်ခြေ ၁၈၅၁ အိမ် ဒုက္ခသည်ဦးရေ စုစုပေါင်း တစ်သောင်းငါးထောင်ကျော် နေထိုင်ပြီး မယ်လဒုက္ခ သည်စခန်းမှာတော့ လူဦးရေ လေးသောင်းကျော်ရှိပြီး အိမ်ခြေ ခုနှစ်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။