တောင်သူတွေကို တရားစွဲတာ ပြန်ရုပ်သိမ်းဖို့ FEFN တောင်းဆို
2019.12.16

တိုင်းရင်းသားနယ်မြေတွေမှာ စီမံကိန်းတွေ အကောင်ထည်ဖော် ဆောင်ရွက်တဲ့အခါမှာ ဒေသခံတွေကို ပွင့်လင်းမြင််သာစွာ ချပြဖို့အပါအဝင် တပ်မတော်က တောင်သူတွေကို တရားစွဲဆိုတာတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကယားပြည်နယ်မှာ တပ်မတော်က တောင်သူ ၄၁ ဦးကို ပိုင်နက်ကျူးလွန်မှု အပါအဝင် ပုဒ်မတွေတပ်ကာ တရားစွဲဆိုထားပြီး ထောင်ထဲ ရောက်နေတာတွေရှိတာကြောင့် အမှုတွေရုပ်သိမ်းပေးဖို့ တောင်းဆိုတာလို့ ကရင်နီတောင်သူလယ်သမားသမဂ္ဂအဖွဲ့က ခူးတူးရယ်က ပြောပါတယ်။
“အဓိကတော့ တောင်သူတွေက သူတို့မှီခိုအားထားရတာက ဒီတောင်ယာပဲရှိတယ်လေ၊ အခြားတောင်ယာ မရှိတော့၊ အဲဒီတောင်ယာအရေးနဲ့ လုပ်နေတဲ့တောင်သူတွေကို သူတို့ဖမ်းဆီး တရားစွဲတဲ့ကိစ္စတွေကို ရပ်တန့်ပေးဖို့၊ အဲဒီပါတဲ့သူတွေကို သူတို့ဘဝ ရပ်တည်ရှင်သန်ရေးအတွက် အစာရေစာ ဖျက်တောက်ထား သလိုမျိုးလည်းဖြစ်နေတော့ ဒါကမလုပ်သင့် ပြန်ရုပ်သိမ်းပေးဖို့ပေါ့”
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က ကယားပြည်နယ်မှာ တပ်မတော် သိမ်းဆည်းခဲ့တဲ့မြေတွေထဲက အသုံးမပြုတဲ့ မြေတွေကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကနေတစ်ဆင့် မြေဧကရာချီ ပြန်ပေးထားတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ တပ်မတော် တကယ်အသုံးပြုနေတဲ့ မြေထဲကို ဝင်ရောက်လုပ်ကိုင်တာတွေ ရှိနေပြီး ပိုမိုဆိုးရွားလာမှာ စိုးတာကြောင့် ဥပဒေကြောင်းအရ တရားစွဲဆိုထားရတာ ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။“ကျနော်တို့အနေနဲ့ တစ်ခုရှိတာက တပ်မြေလို့ သတ်မှတ်ထားတဲ့ နေရာအထိ ကျူးကျော် ဝင်ရောက်လာရင်လည်း ကျူးကျော် ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး တရားဥပဒေအရ ဆောင်ရွက်ရမှာဘဲ မဆောင်ရွက်ဘူးဆိုရင် ပိုပြီးတော့ ဆိုးလာမှာလေ၊ စွန့်လွှတ်နိုင်သမျှဟာလည်း စွှန့်လွှတ်ပြီးဖြစ်တယ်၊ တကယ် အသုံးပြုနေတဲ့မြေနဲ့ တကယ်အသုံးပြုမယ်လို့ ရည်မှန်းထားတဲ့မြေတွေ ကျန်တာတော့ ဆုပ်ကိုင်ထားတာ မရှိဘူး”
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းနဲ့ ရခိုင်စတဲ့ပြည်နယ် ၇ ခုက တိုင်းရင်သား တောင်သူလယ်သမားအဖွဲ့တွေ ပါဝင်တဲ့ ဖက်ဒရယ်တိုင်းရင်းသား တောင်သူလယ်သမားကွန်ရက်အဖွဲ့ဟာ တိုင်းရင်းသားဒေသတွေမှာ မြေသိမ်းဆည်းခံရတာတွေ၊ တောင်သူတွေထောင်ချခံရတာတွေနဲ့ ပတ်သက်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
လွတ်လပ်ရေး ရပြီးနောက်ပိုင်း တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ကျေးရွာတွေ၊ နေအိမ်တွေကနေ အတင်းအဓမ္မ ဖယ်ရှားခိုင်းတာ၊ မီးရှို့ဖျက်စီးတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် တာတွေ၊ ဥပဒေမဲ့ သတ်ဖြတ်တာတွေ စတဲ့ လူအခွင့်အရေး ချိုးဖောက်တာတွေကို ကျူးလွန်ခဲ့တယ်လို့ တွေ့ဆုံဆွေးနွေးပွဲ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၁၅ ပြည်သူ့အစိုးရ တက်လာပြီးနောက်ပိုင်းမှာလည်း တိုင်းရင်းသားဒေသတွေမှာ စီမံကိန်းတွေကြောင့် တိုင်းရင်းသား အခွင့်အရေးတွေ၊ လူအခွင့်အရေး ချိုးဖောက်တာတွေရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဌာနေတိုင်းရင်းသားတွေ မြေယာပိုင်ဆိုင်မှုတွေကို ရိုးရာမြေယာအသုံးပြုတာတွေနဲ့ သဟဇာတမဖြစ်တဲ့ မြေယာဥပဒေတွေ ထွက်ပေါ်လာတာစတဲ့ မြေယာသိမ်းဆည်းမှုတွေကို အားပေးရာရောက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
အဲ့ဒီလို တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ လုပ်ငန်းရှင်ကုမ္ပဏီတွေကို အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အရေးယူဖို့ ပျက်ကွက်တဲ့အပြင် အကာအကွယ် ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။
ကချင်ပြည်နယ်မှာ တရုတ်တစ်သျှူးငှက်ပျော အပါအဝင် ကုမ္ပဏီတွေလုပ်ကိုင်ကြရာမှာ ဒေသခံတွေကို ချပြတာမျိုးမရှိဘဲ ဝင်ရောက်လုပ်ကိုင်ကြပြီး မြေယာပိုင်ဆိုင်မှုပြဿနာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ဟူးကောင်းချိုင့်ဝှမ်းဒေသအပါအဝင် ပူတာအို၊ ဖုန်ကန်ရာဇီ စတဲ့ အမျိုးသားကာကွယ်ရေး ထိန်းသိမ်းရေးတောတွေ ပြုလုပ်ရာမှာ ဒေသခံတွေကိုချမပြဘဲ အစိုးရကဆောင်ရွက်နေတယ်လို့ ကချင်တိုင်းရင်းသား တောင်သူလယ်သမား ဦးဆောင်ကော်မတီက ဦးအောင်လတ်က ပြောပါတယ်။
ခုထိ ကချင်ပြည်နယ်မှာ မြေယာပြဿနာနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ခြင်းမရှိဘဲ ပြဿနာက ပိုပြီးရှုပ်နေပါတယ်
“ကုမ္ပဏီနဲ့သော်လည်းကောင်း၊ အမျိုးသားဥယျာဉ် ဘေးမဲ့တောဆိုပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး မြေတွေ သိမ်းတာ ဖြစ်နေတယ်၊ လွှတ်တော်ကိုယ်စားလှယ် တွေကလည်း ကြားဝင်ဆောင်ရွက်ပေးတော့လည်း ထိရောက်မှုက မရှိဘူး၊ ခုထိ ကချင်ပြည်နယ်မှာ မြေယာပြဿနာနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ခြင်းမရှိဘဲ ပြဿနာက ပိုပြီးရှုပ်နေပါတယ်”
ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလာဆိုင်းကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက အမျိုးသားကာကွယ်ထိန်းသိမ်းရေးတောတွေ သတ်မှတ်ရာမှာ ဒေသခံတွေကို အသိမပေးဘဲ ဗဟိုအစိုးရက အကောင်ထည်ဖော်တာမျိုး တွေရှိခဲ့ပေမယ့် အခုနောက်ပိုင်း ပြုလုပ်မယ့် ထိန်းသိမ်းရေး တောတွေ သတ်မှတ်တာတွေမှာ ပြည်သူကို အရင်ဆုံးချပြမယ်လို့ ပြောပါတယ်။
“နောက်နောင်ဆိုရင်တော့ ကျနော်တို့က ပြည်သူလူထုတွေကို သူတို့လုပ်မယ့် လုပ်ငန်းစဉ်တွေကို အသိပေးမယ်၊ ကျနော်တို့ပြည်နယ်ရဲ့ သဘောထားမှတ်ချက်ကိုလည်း ရယူပြီးမှသာလျှင် ပြည်ထောင်စုက ဆောင်ရွက်သင့်ပါကြောင်းလည်း ကျနော်တင်ပြသွားဖို့ ရှိပါတယ် ”
ဖက်ဒရယ်ပြည်ထောင်စုနဲ့အတူ ဖက်ဒရယ် မြေယာစနစ်ကျင့်သုံးနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့တွေပါ ပါဝင်ရပ်တည်ပေးဖို့ FEFN အဖွဲ့က တိုက်တွန်းထားပါတယ်။
ကရင်နီတောင်သူလယ်သမားသမဂ္ဂ၊ မွန်ပြည်နယ် မြေယာမူဝါဒကော်မတီ၊ ရှမ်းပြည်နယ် တောင်သူလယ်သမား ကွန်ရက်စတဲ့ ပြည်နယ်တွေက တောင်သူလယ်သမားအဖွဲ့တွေ ပါဝင်တဲ့ FEFN အဖွဲ့ရဲ့ တတိယအကြိမ် အစည်းအဝေးကို ကယားပြည်နယ်မှာ ကျင်းပခဲ့ပြီး ဒီနေ့မှာကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။