FDA ဖယ်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ထူထောင်ဖွဲ့စည်း
2014.01.07
နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားပါတီ စုစုပေါင်း ၁၁ ပါတီပူးပေါင်းပြီး ဖယ်ဒရယ် ဒီမိုကရေစီမဟာမိတ်အဖွဲ့FDA ကို ဒီနေ့ လက်မှတ်ထိုး ဖွဲ့စည်းလိုက်ပါတယ်။
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ရုံးခန်းမှာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေတွေ့ဆုံပြီး ဖွဲ့စည်းကြတာဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့FDA အနေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး စတဲ့အချက်ငါးချက်ပါ ကြေငြာချက်ကို ဒီနေ့ထုတ်ပြန်ခဲ့ကြောင်း အခုလိုပြောပါတယ်။
“ကျနော်တို့ ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ဝင်များသည် ဖယ်ဒရယ်ပြည်ထောင်စုကို အသွင်သဏ္ဍန်သာမက အနှစ်သာရနဲ့ပါ ပြည့်စုံစေရန်နှင့် နိုင်ငံသားပြည်သူတို့၏ ဒီမိုကရေစီနှင့် လူမျိုးဘာသာ ကျားမခွဲခြားခြင်းမရှိသည့် လူ့အခွင့်အရေးများကို အာမခံချက်ရှိစေရန်အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လိုအပ်သလို ပြင်ဆင်ရန်”
ဖယ်ဒရယ် ဒီမိုကရေစီမဟာမိတ်အဖွဲ့ FDA မှာ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ စတဲ့ပါတီတွေအပြင် အသစ်ထပ်တိုးလာတဲ့ ကရင်ဒီမိုကရက်တစ်ပါတီ ၊ မြန်မာပြည် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စုစုပေါင်း ၁၁ ပါတီနဲ့ ဒီနေ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။