ဒဂုံမြို့သစ် အရှေ့ပိုင်း မြေယာသိမ်းဆည်းမှု ညှိနှိုင်းရေး မပြေလည်

အကျိုးတူပူးပေါင်းရေး စီမံကိန်းနဲ့ ပတ်သက်ပြီး အငြင်းပွားနေတဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်းက လယ်သမား ၁၅၀ ကျော်နဲ့ ကုမ္ပဏီ ၄ ခုတို့က ကိုယ်စားလှယ်တွေကို ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး ပါတီရုံးမှာ ဒီကနေ့ (၇) ကြိမ်မြောက် တွေ့ဆုံ ညှိနှိုင်းခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ဘူးလို့ စုံစမ်း သိရပါတယ်။

ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်နဲ့ အဖွဲ့ဝင် ဦးအောင်သိန်းလင်း တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ တွေ့ဆုံ ညှိနှိုင်းခဲ့တာပါ။

ဒီကနေ့ ညှိနှိုင်းပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံတောင်သူ တစ်ဦးက သတ်မှတ်ထားတဲ့ စည်းကမ်းတွေအရ သူတို့ဘက်က နစ်နာနေတယ်လို့ RFA ကို ပြောပါတယ်။

" အကျိုးတူလို့ ပြောတယ်။ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတာက ဘယ်လိုမှ မကိုက်ညီဘူး။ ကျွန်တာ်တို့ တောင်သူတွေက ရံှုးရင်လည်း အဖမ်းခံရမယ်။ အလုပ်အကိုင် သူတို့နဲ့ အဆင်မပြေရင်လည်း ခံရမယ်။ သွင်းအားစုမှာလည်း ထည့်ထားတာတွေ တစ်ယောက်နဲ့ တစ်ယောက် ကျန်တယ်၊ အခြေအတင် ဖြစ်လာခဲ့လို့ရှိရင်လည်း အရေးယူမယ်ဆိုတော့ ကျွန်တော်တို့ တောင်သူတွေက ဘယ်လိုမှ အဆင်မပြေဘူး။ "

ဒဂုံမြို့သစ် အရှေ့ပိုင်းက လယ်မြေဧက (၂) ထောင်ကျော်ကို ဒဂုံ အင်တာနေရှင်နယ်၊ ယုဇန၊ ဆင်းရွှေလီ၊ မြင့်ဇေယျာ စတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ကန်ထရိုက်စနစ်နဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်ဖို့ အစိုးရက ၂၀၀၈ ခုနှစ်အတွင်း စီမံကိန်း ချမှတ်ဆောင်ရွက်ခဲ့ရာမှာ ဒေသခံတောင်သူတွေနဲ့ ကုမ္ပဏီတွေအကြား မြေယာ အငြင်းပွားမှု ပြဿနာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။