မြေယာပြဿနာတွေ ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆို


2018.06.30
farmers-protest-ygn-622.jpg ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ ၂ဝ၁၈ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့က လယ်မြေသိမ်းဆည်းခံရမှုတွေကို ဖြေရှင်းပေးဖို့ လမ်းလျှောက်တောင်းဆိုကြစဉ်
Photo: Aung Thain Kha/RFA

လယ်မြေသိမ်းဆည်းခံရမှုတွေကို ဖြေရှင်းပေးဖို့ လမ်းလျှောက်တောင်းဆိုပွဲကို လယ်သမားအရေး ဆောင်ရွက်နေ သူတွေနဲ့ တောင်သူ စုစုပေါင်း ၁ဝဝ နီးပါးက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ စတင်လိုက်ပါတယ်။

တပ်သိမ်းမြေတွေနဲ့ပတ်သက်ပြီး အစိုးရက ဖြေရှင်းပေးနိုင်ဖို့ အခက်အခဲတွေ ရှိတယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ မစုစုနွေးက ပြောပါတယ်။

"တပ်သိမ်းမြေတွေကိုပေါ့ သိမ်းဆည်းထားတဲ့ အခါမှာပေါ့နော်၊ ပြန်လည်စွန့်လွှတ်တာတွေနဲ့ လယ်သမားတွေ ထံပေါ့နော် ပြန်လည်ပေးအပ်တာတွေက ကျမတို့ အစိုးရလက်ထက်မှာပေါ့နော်၊ ဝန်ကြီးချုပ်တွေကိုယ်တိုင်ကပေါ့ တပ်နဲ့ပတ်သက်လာရင် မထိရဲတဲ့ပြဿနာ ဒါက အဓိကအကြီးမားဆုံး ပြဿနာဖြစ်တယ်၊ ဒုတိယ ပြဿနာ ကတော့ မြေယာအငြင်းပွားမှုတွေ ဖြေရှင်းတဲ့အခါမှာ အားနည်းတာ ဥပဒေနဲ့ မညီတာ ဒါဒုတိယ ပြဿနာ၊ လက်ရှိနိုင်ငံရဲ့ပေါ့နော် ဒါကြီးမားတဲ့ နိုင်ငံရေးပြဿနာလို့ ပြောလို့ရသလို လက်ရှိအစိုးရ ဖြေရှင်းရာမှာလည်း အရမ်းအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတစ်ရပ်လို့လည်း ကျမပြောချင်ပါတယ်"

၂ဝ၁၂ လယ်ယာမြေ ဥပဒေမှာ အားနည်းမှုတွေများနေကြောင်း လယ်ယာမြေပြဿနာ ဖြေရှင်းမှုတွေမှာ သက်ဆိုင် ရာ တိုင်းနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ကူညီဖြေရှင်းမှု မရှိကြောင်းလည်း ပြောပါတယ်။

အစိုးရအနေနဲ့ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနဲ့ မညီဘဲ သိမ်းဆည်းထားတဲ့ လယ်မြေတွေကို မူလပိုင်ရှင်ထံပြန်ပေးဖို့၊ လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီအဆင့်ဆင့်ကို အရေးယူပေးနိုင်တဲ့ ဥပဒေအမြန်ဆုံး ပြဌာန်းပေးဖို့၊ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ တောင်သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ စတဲ့အချက် ၇ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ချီတက်ဆန္ဒပြကြတဲ့ တောင်သူလယ်သမား သမဂ္ဂအဖွဲ့နဲ့ တောင်သူတွေဟာ ဒီကနေ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထမ်းမနိုင်ကျေးရွာကနေ စတင်ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ကော့မှူး၊ တွံတေးနဲ့ ဒလက တောင်သူတွေ ပါဝင်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေ၊ တပ်မတော်နဲ့ အစိုးရဌာန ဆိုင်ရာတွေက လယ်ယာမြေတွေ သိမ်းဆည်းတာကြောင့် ထိခိုက်နစ်နာသူတွေ ပါဝင်ပါတယ်။

ဆန္ဒပြသူတွေဟာ မနက်ဖြန် ရန်ကုန်မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံအထိ ချီတက်လမ်းလျှောက်ကြ မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။