စစ်ကိုင်းမှာ လယ်သမားတွေ ဆန္ဒပြ

စစ်ကိုင်းမြို့မှာရှိတဲ့ စက်မှုဝန်ကြီးဌာန လက်အောက်ခံ ဆေးဝါးနဲ့ စားသောက်ကုန်လုပ်ငန်း စက်ရုံရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ကျေးရွာ (၆) ရွာက တောင်သူ (၂၀၀) လောက် စုဝေးပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

2012.07.30
farmer-land-protest-073012-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က စစ်ကိုင်းမြို့ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း စက်ရုံရှေ့တွင်ကျေးရွာ (၆) ရွာက တောင်သူများ စုဝေးပြီး ကြွေးကြော် ဆန္ဒပြနေကြစဉ်။
RFA

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အမှတ် (၁) စက်မှုဝန်ကြီးဌာနရဲ့ အဓမ္မ သိမ်းယူခံခဲ့ရတဲ့ လယ်ယာမြေတွေကို ပြန်ရလိုကြတဲ့အတွက် အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြတောင်သူ တစ်ဦးက RFA ကို ပြောပါတယ်။

"မတရားနည်းနဲ့ သိမ်းတဲ့အတွက် အခုလို ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ အစအဆုံး ပြောရမယ်ဆိုရင် လက်မှတ်ထိုးတာက စပြီး ညာ လက်မှတ် ထိုးခိုင်းတယ်။ တစ်ဧက ငွေလေး တစ်သောင်း ပေးတာလည်း တောင်သူတွေက မတန်တဆ ဖြစ်နေတဲ့အတွက် ဘယ်သူမှ မလိုချင်ဘူး။ နောက်ထပ် ပြောပြန်တော့လည်း အချုပ်ခံရပြန်တယ်။ အဲလို ခြိမ်းခြောက်ပြီးတော့ အမျိုးမျိုး ကျွန်တော်တို့ တောင်သူတွေကို မတရားသဖြင့်ပေါ့လေ၊ တကယ် ကိုယ်ချင်းစာ ပြောရမယ်ဆိုရင် ဧက ၅၀ လောက်နဲ့တင် သူတို့က လုပ်လို့ရနေတာကို ဧက ၄၀၀ လောက် အလကားရလို့ သိမ်းလိုက်တဲ့ သဘောပါပဲ။ ဒီမြေတွေ သိမ်းထားပုံတွေ ယူထားပုံတွေ၊ မသိတာတွေကို အားလုံးသိအောင် ဆန္ဒပြရခြင်း ဖြစ်ပါတယ်"

စစ်ကိုင်းမြို့နယ် ချောင်းပေါက် ကျေးရွာအုပ်စုက မြေတိုင်၊ ကြက်ထောင့်၊ လက်ပံ၊ ခိုတောင်၊ ပေါက်တော စတဲ့ ကျေးရွာ ၆ ရွာက ယာသမားတွေ ပိုင်ဆိုင်တဲ့ မြေဧက ၄၀၀ ကျော်ကို စက်မှု (၁) က သိမ်းခဲ့တာဖြစ်ပြီး စက်ရုံအတွက် အမှန်တကယ် လိုအပ်တဲ့ မြေဧက ၄၀ ကလွဲလို့ ကျန်မြေတွေကို ပြန်လည် ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ တောင်သူတွေက ပြောပါတယ်။

ဒီဆန္ဒပြပွဲကို မနက် (၉) နာရီကနေ နေ့လည် (၁၁) နာရီအထိ လေးနာရီကြာ တရားဝင်ပြုလုပ်ခွင့် ရခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးတွေက အနီးကပ် စောင့်ကြည့် လုံခြုံရေး ယူတာကလွဲလို့ တစုံတရာ အနှောင့်အယှက်ပြုတာ မရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။