မန္တလေးတိုင်းဒေသကြီးမြစ်သားမြို့နယ်မိုင်းမောကျေးရွာနဲ့ကန်ဆွယ်ကျေးရွာကတောင်သူ၁၀၀ကျော်တို့ဟာတပ်မတော်ကသိမ်းဆည်းထားတဲ့လယ်မြေတွေ ပြန်လည်ပေးအပ်ပွဲမှာသိမ်းခဲ့တဲ့မြေနဲ့ ပြန်ပေးတဲ့မြေ အကျယ်အဝန်းပမာဏ ကွာနေတဲ့အတွက် ယာယီလယ်လုပ်ခွင့်လျှောက်လွှာပုံစံ၃ကိုမထုတ်ယူခဲ့ကြဘူးလို့သိရပါတယ်။
ပုံစံ၃မထုတ်ယူတာနဲ့ပတ်သက်ပြီးမိုင်းမောကျေးရွာကတောင်သူဦးမျိုးမြင့်က RFA ကိုအခုလိုပြောပါတယ်။
"ကျနော်ဆိုလို့ရှိရင် သိမ်းဆည်းခံထားရတာက ၄၈ ဧက အခုကျနော့်ကို ပုံစံ ၃ ပြန်လုပ်ခိုင်းတာ ၃ ဧကပဲ၊ မှန်ကန်မှုမရှိလို့ ကျနော်တို့ကမလုပ်တာ၊ ကျနော်တို့ တောရိုင်းမြေတွေကို နှစ်ပေါင်းများစွာ ခုတ်ထွင်ရှင်းလင်းခဲ့တယ်၊ နိုင်ငံတော်သမ္မတကြီးကပေးတာ ကျနော့်ရဲ့ သိမ်းဆည်းဧကအတိုင်းပဲ ပြန်ပေးတယ်၊ ဒီအကွက်ကြီးပဲ ပြန်ပေးတာ၊ အခုကျမှ ဒီအကွက်ကြီးက ၃ ဧကဖြစ်နေလို့ ကျနော်မလုပ်တာပါ"
ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၃ အမြောက်တပ်ရင်းနဲ့ အမှတ် ၁ ဘက်စုံစိုက်ပျိုးရေးနဲ့ မွေးမြူ ရေးခြံလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ၁၉၉၁ ခုနှစ်ကစပြီး ကန်ဆွယ်၊ မိုင်းမော အပါဝင် ရွာပေါင်း ၁၇ ရွာက လယ်မြေ ဧက ၇၀၀၀ ကျော်ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲကပထမအသုတ်အနေနဲ့ပိုလျှံမြေ၁၉၇၆ဧကကိုမူလပိုင်ရှင်တောင်သူတွေကိုမိုင်းမောကျေးရွာသုခရတနာကျောင်းတိုက်မှာဇွန်လ၂၅ရက်နေ့ကအခမ်းအနားနဲ့ပြန်လည်ပေးအပ်ခဲ့ပါတယ်။
တောင်သူအနေနဲ့ သူတို့ပိုင်ခဲ့တဲ့လယ်တွေအမှန်တကယ်ပြန်ရမယ့်ပမာဏထက်ထက်ဝက်ကျော်လောက်လျော့နည်းနေတာမို့မကျေနပ်ကြောင်း ပြသတဲ့အနေနဲ့ ပုံစံ၃ ကိုထုတ်မယူကြတာဖြစ်ပါတယ်။
အဲဒီတောင်သူတွေဟာအခုလက်ရှိမှာ ဒီလယ်မြေတွေမှာဝင်ရောက်ထွန်ယက် စိုက်ပျိုးနေကြတယ်လို့လည်းသိရပါတယ်။