အစိုးရပေးတဲ့ မြေလျော်ကြေး ကို တောင်သူများ လက်မခံ


2014.06.23
nargis_farmer_305px.jpg လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ
Photo: AFP

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အိုးဘိုထောင် ရပ်ကွက်မှာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦးဆောက်လုပ်ဖို့ သိမ်းထားတဲ့ မြေနေ ရာတွေအတွက် တောင်သူ ၁၈ဦးကို လယ် ၁ ဧက အတွက် ပေ ၈၀ ပတ်လည် မြေကွက်တစ်ကွက် စီ လျော်ကြေးပေးပေမယ့် တောင်သူ ၈ဦးက လက်မခံဘူးလို့ သိရပါတယ်။

လယ် ၁၀ ဧကနီးပါး ဆုံးရှုံးထားတဲ့ အိုးဘိုထောင်ရပ်ကွက်နေထိုင်သူ မဥမ္မာကြည်က ဒီနေ့ မုံရွာမြို့ နယ်အုပ်ချုပ်ရေးက ပေးတဲ့လျော်ကြေးကို လက်မခံခဲ့ကြောင်း အခုလို ပြောပါတယ်။

"၁ ဧကပိုင်ရင် ၈ဝ ပတ်လည် တစ်ဝန်းလုံးယူဖို့ တိုက်တွန်းတာပေါ့၊ တောင်သူဘက်ကတော့ ၈ဝ ပတ်လည် တစ်ကွက်ထဲနဲ့ မိသားစုများတဲ့အတွက်ကြောင့်မို့ စားဝတ်နေရေး မပြေလည်တော့ဘူးလေ၊ တောင်သူ ဆိုတာ လယ်မြေကိုပဲ အားကိုးပြီးတော့လုပ်စားတာဆိုတော့ တကယ်လို့ မြေကိုပဲပြန်ပေးမယ်ဆိုရင်လည်း ကျမတို့အနေနဲ့က ၈ဝ ပတ်လည် ၃ ကွက်နှုန်း ပြန်ပေးဖို့ သူတို့ကိုတင်ပြထားတယ်"

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦး ဆောက်လုပ်ဖို့အတွက်ဆိုပြီး လယ်သမား ၁၈ဦး ပိုင်တဲ့ လယ်ဧက ၁၆၀ ကျော်ကို မြို့နယ်အုပ်ချုပ်ရေးက လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။

သိမ်းထားတဲ့ မြေနေရာတွေထဲက ဧက ၆၀မှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦး ဆောက်လုပ် ထားပြီး ပိုတဲ့မြေတွေကို မြို့ပြစီမံကိန်းအတွက် အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။