လွှတ်တော်ကိုယ်စားလှယ်ကို လယ်သမားများနဲ့ ဆွေးနွေးခွင့်မပြု
2014.10.05
ဧရာဝတီတိုင်း လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ (၂) အဖွဲ့ဝင်၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း ပြုလုပ်မယ့် ပြည်သူ့လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲကို စနေနေ့ည ၁၂ နာရီကမှ အကန့်အသတ်နဲ့ ခွင့်ပြုချက်ပေးတဲ့အတွက် တနင်္ဂနွေနေ့က ကျင်းပလိုက်နိုင်ပါတယ်။
မအူပင်မြို့ တိုးရွှေဝါခန်းမမှာ ကျင်းပခွင့်ပေးလိုက်တာဖြစ်ပေမယ့် တက်ရောက်ကြတဲ့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ တခြားမြို့နယ်က တောင်သူလယ်သမားတွေနဲ့တော့ တွေ့ဆုံဆွေးနွေးခွင့်မပေးဘူးလို့ ဦးစိန်ဝင်းက ပြောပါတယ်။
ခါတိုင်းလုပ်တဲ့ အတွေ့အကြုံ ရှင်းလင်းပွဲတွေမှာ တခြားမြို့နယ်က တောင်သူလယ်သမားတွေက သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာပေါင်းစုံနဲ့ အခက်အခဲတွေကို တင်ပြဆွေးနွေးလေ့ရှိပါတယ်။
ဒါကြောင့် တောင်သူလယ်သမား ညီလာခံကျင်းပမယ်ဆိုတဲ့ သတင်းရရှိတယ်လို့ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီက ဦးစိန်ဝင်းကို အောက်တိုဘာ ၂ ရက်က အကြောင်းကြားစာ ပေးပို့လာပါတယ်။ တခြားခေါင်းစဉ်နဲ့ကျင်းပရင် ကန့်ကွက်စရာ မရှိတဲ့အကြောင်းလည်း တဆက်တည်းပါရှိတယ်လို့ ဆိုပါတယ်။
ဦးစိန်ဝင်းကလည်း သူဟာ တိုင်းလယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဖြစ်တဲ့အကြောင်း ထောက်ပြ တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာမှ ကန့်သတ်ချက်နဲ့ ခွင့်ပြုချက်ပေးတဲ့အတွက် အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပနိုင်တာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။