တောင်သူလယ်သမားနေ့ အခမ်းအနားများ ရန်ကုန်နဲ့ မန္တလေးမှာ ကျင်းပ


2013.03.02
farmer_day_305.jpg မန္တလေးမြို့တွင် ကျင်းပခဲ့တဲ့ တောင်သူလယ်သမားနေ့ကို တွေ့ရစဉ်
Photo: RFA/San Oo

မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပြုပြင်ပြောင်းလဲမှုတွေ မလွဲမသွေ ပြုလုပ်ရမှာဖြစ်တယ်လို့  ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဒီကနေ့ကျရောက်တဲ့ မြန်မာနိုင် ငံ တောင်သူလယ်သမားနေ့မှာ တိုက်တွန်းပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာကွန်ဗင်းရှင်း စင်တာမှာကျင်းပတဲ့ မြန်မာဆန်စက်နှင့် တန်ဖိုးမြှင့်စက်ကိရိယာ ၂၀၁၃ ပြပွဲအခမ်းအနားမှာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အခုလို ပြောကြား လိုက်တာပါ။

"ကျွန်တော်တို့ မြန်မာနိုင်ငံလူဦးရေ ၇၀ ရာခိုင်းနှုန်းက တောင်သူလယ်သမားတွေဖြစ်ကြပါတယ်၊ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးအောင်မြင်ပြီး လူများစွာဝင်ငွေ တိုးတက်လာဖို့ကလည်း လယ်ယာကဏ္ဍပဲဖြစ်ပါတယ်၊ လက်ရှိအခြေအနေထက် ပိုမိုတိုးတက် စိုက်ပျိုးနိုင်ဖို့အတွက် လယ်ယာကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မလွှဲမသွေဆောင်ရွက်ရမှာဖြစ်ပါတယ်"

ဒါ့အပြင် လယ်သမားတွေ လယ်ယာမြေ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိရေးနဲ့ စိုက်ပျိုးစရိတ်တိုးမြှင့် ထုတ်ချေးပေးသွားဖို့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ဒုတိယသမ္မတက မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အဲဒီပြပွဲကို ဒုသမ္မတ ဦးဉာဏ်ထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်အစရှိတဲ့ အစိုးရအကြီးအကဲတွေ တက်ရောက်ခဲ့ကြပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတတ်လာစေဖို့ စာတမ်းဖတ်ပွဲတွေလည်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီပွဲမှာ နိုင်ငံတကာနဲ့ဲ့ ပြည်တွင်းကုမ္ပဏီတွေက လယ်ယာလုပ်ငန်းနဲ့ ပတ်သက်တဲ့ စက်ကိရိယာမျိုးစုံကိုလည်း ပြသထားပြီး အဲဒီပွဲကို လေးရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အလားတူ မြန်မာနိုင်ငံ တောင်သူလယ်သမားနေ့ဖြစ်တဲ့ ဒီကနေ့မှာ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းစတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တောင်သူလယ်သမား ကိုယ်စားလှယ်တွေ စုပေါင်းပြီး မန္တလေးမြို့၊ ၃၆ နဲ့ ၃၇ လမ်းကြားမှာရှိတဲ့ Mr.88 Café မှာ အခမ်းအနားကျင်းပခဲ့ပြီး သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ တောင်သူလယ်သမားတွေအတွက် အစိုးရကို အကြံပြုတင်ပြ တောင်းဆိုထားတဲ့ စိုက်ပျိုးရေးနည်းပညာတွေ ဖြန့်ဝေပေးဖို့၊ စိုက်ပျိုးရေးမူဝါဒတွေ ချမှတ်ပေးဖို့၊ လယ်ယာမြေ ဆုံးရှုံးနေမှုတွေကို ဖြေရှင်းပေဖို့၊ စိုက်ပျိုးစရိတ်ချေးငွေ လုံလုံလောက်လောက် ထုတ်ပေးဖို့နဲ့ အာမခံချက်ရှိတဲ့ ဈေးကွက်တွေ အကောင်အထည်ဖော်ပေးဖို့စတဲ့ အချက် (၆) ချက်ကို တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။