တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်ပေးဖို့ တောင်းဆို
2018.03.02

ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ စစ်ဏာရှင်အစိုးရက အာဏာသိမ်းခဲ့တဲ့ မတ်လ ၂ရက်နေ့ကို တောင်သူ လယ်သမားနေ့အဖြစ် မသတ်မှတ်ဘဲ အင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ တောင်သူလယ်သမားခေါင်းဆောင် ဆရာစံ သူပုန်စတင်ခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ပေးဖို့ တောင်သူတွေ က တောင်းဆိုပါတယ်။
ဒီကနေ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာကျင်းပတဲ့ အခမ်းအနားမှာ တောင်သူလယ်သမားရေးရာသမဂ္ဂများ အဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး ) ဥက္ကဌ ဦးလင်းထင်စိုးက အခုလို ပြောပါတယ်။
"ဒီဇင်ဘာလ ၂၂ ရက်နေ့ကို တောင်လှန်တဲ့နေ့အဖြစ် ကျနော်တို့က တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်စေချင်တယ်၊ ကျနော်တို့ တောင်းဆိုမှုတွေကတော့ ဌာနဆိုင်ရာတွေကို အခုနကပြောတဲ့ နေပြည်တော် ကောင်စီပေါ့နော်၊ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ အဆင့်ဆင့်သောဌာနတွေကို ကျနော်တို့ ပို့ဆောင်သွားမှာပါ၊ ဒီကြေညာချက်တွေကိုလည်း ကျနော်တို့ တောက်လျှောက်ပို့သွားမှာပါ"
တောင်သူလယ်သမားနေ့ အခမ်းအနားကို မန္တလေးနဲ့ စစ်ကိုင်းတိုင်းက တောင်သူ ၂၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ မတ်လ ၂ ရက်နေ့အစား တခြားနေ့ တစ်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ပေးဖို့၊ တောင်သူလယ်သမားတွေရဲ့ မိသားစုဝင်တွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ဖြေရှင်းပေး ဖို့ကို တောင်းဆိုခဲ့ကြပါတယ်။
အဲဒီပွဲအပြီးမှာ တောင်သူတွေဟာ မန္တလေးမြို့ မဟာမုနိဘုရားကြီးကို သွားရောက်ပြီး အကျဉ်းကျတောင် သူတွေ အမြန်ဆုံးပြန်လွှတ်ဖို့နဲ့ တရားစွဲဆိုခံ တောင်သူတွေအတွက်လည်း ဆုတောင်းခဲ့ကြပါတယ်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာကျင်းပတဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားကို ထောင်နဲ့ ချီတဲ့ တောင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။