ပင်လယ်ရေတား တမံကို ဖျက်ဆီး၍ လယ်မြေများပျက်စီး
2010.11.15

အဲဒီလို တာတမံကို ဖောက်ချရတာဟာ ဒေသခံ ကျေးရွာသားတွေက ကြိုတင်မဲပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ကြံ့ခိုင်ရေးပါတီက သူတို့ပါတီကို မဲရှုံးခဲ့ရတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
“အဲဒီဒေသမှာ ကျွန်တော်တို့ ပါတီတွေက နိုင်သွားတဲ့အခါကျတော့ ပေါက်တောဆိုရင်ဗျာ၊ ကန်ချောင်းဆိုတဲ့ ရွာမှာ ရေငံတား တာတမံကြီးကိုတောင်မှလေ၊ သက်ဆိုင်တဲ့ ဆည်မြောင်း ဝန်ထမ်းက ဖောက်ထုတ်လိုက်တာပေါ့နော်။ အကောင်းပကတိကို ဖောက်တာပေါ့ဗျာ။ အဲဒီရွာက ကြိုတင်မဲ ပေးခိုင်းတယ်ဗျာ၊ ကြိုတင်မဲ မပေးဘူး၊ အဲ ၇ ရက်နေ့မှပဲ သေချာ မဲပေးပြီးခါမှ ကျွန်တော်တို့ ပါတီက အများဆုံး ရသွားတာပေါ့နော။ အဲဒီ ရွာနဲ့ ပတ်သက်လို့ သူတို့ အကြိတ်အခဲ ရှိမှာပေါ့ဗျာ။”
“ဆည်မြောင်းဝန်ထမ်းက ဒီလ ၈ ရက်နေ့က လာဖောက်တယ်တဲ့။ လာဖောက်တော့ ရွာသားတွေက မယက ဥက္ကဋ္ဌ ဦးခင်မောင်လွင်ကို သွားပြောပြတာပေါ့။ လယ်ဧက တထောင်ကျော်လောက် ရှိတယ်၊ အကုန်လုံးက ဆားငံဝင် ပျက်တော့မယ်၊ အဲဒါကြောင့် ပြန်လုပ်ပေးပါ ဆိုတော့ အနိုင်ရတဲ့ ပါတီကိုပဲ ခုနကလို ခင်ဗျားတို့ အကူအညီတောင်း ဆိုတဲ့ စကားမျိုးပဲ သုံးနှုန်းတယ်ဆိုတဲ့ သဘော ကြားပါတယ်။”
အဲဒါနဲ့ ပတ်သက်ပြီး ပေါက်တောမြို့နယ်က ရွေးကောက် တင်မြှောက်ခံရတဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) ရဲ့ ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ဇံက သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားထားတယ်လို့ သိရပါတယ်။