ဝါဝါဝင်းကုမ္ပဏီ လျော်ကြေး မတန်တဆ လျှော့ပေး

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ကျွန်းကြီးနဲ့ အပြင် ပဒန်ရွာတွေမှာ ဝါဝါဝင်းကုမ္ပဏီက လယ်ဧက ၄ ရာကျော် သိမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ လျော်ကြေးကို ပေါက်ဈေးအတိုင်း မပေးတဲ့အတွက် လယ်သမားတွေသဘောမတူဘဲ သက်ဆိုင်ရာကို တိုင်ကြားထားတယ်လို့ သတင်းရရှိပါတယ်။

လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP) (AFP)

ဒီကိစ္စနဲ့ ပတ်သက်လို့ လယ်သမား ဦးဖိုးသာ က အခုလို ပြောပါတယ်။

"ဝါဝါ၀င်း ကုမ္ပဏီနဲ့ အိုးအိမ်ဦးစီးဌာနတို့က ကျွန်တော်တို့ လယ်တွေကို မတရား သိမ်းဆည်းထားလို့ပါခင်ဗျ။ ကျွန်တော်တို့က သမ္မတကြီး ဦးသိန်းစိန်ဆီကိုလည်း စာတွေပို့တယ်။ ပြည်ထဲရေး ဝန်ကြီး၊ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးတို့ဆီလည်း စာတွေပို့တယ်။ ဒါပေမဲ့ အခုလုပ်တဲ့ ကိစ္စမှာ ရန်ကုန်တိုင်း ဒေသကြီးက လူကြီးတွေပါ ပါနေတော့ ဒါတွေကို အောက်ခြေက ဘာမှ မလုပ်ဘူး ဖြစ်နေတယ်။ ဒီကနေ့မှာ ကုမ္ပဏီက ကျွန်တော်တို့ကို တစ်ဧက ကို သိန်း ၃၀ လျော်မယ်ဆိုပြီး ပြောပါတယ်။ လယ်တစ်ဧကဆိုတာ ပေ ၁၂၀ ပတ်လည်လောက် ရှိတယ်။
ဘေးနားက ကုမ္ပဏီတွေကတော့ လယ်မြေတွေကို သိမ်းပြီး လယ်သမားတွေကို ပေ ၁၂၀ ကို သိန်း ၈၀ စီ ပေးပါတယ်။"

ဒီလယ်တွေကို ၂၀၀၄ ခုနှစ် ကတည်းက သိမ်းထားပြီး ဒီလယ်တွေမှာ အခြားလုပ်ငန်းတွေ မလုပ်သေးတဲ့ အတွက် လယ်သမားတွေက ဆက်လက် ထွန်ယက် စိုက်ပျိုးနေခဲ့ပါတယ်။

ဒါပေမယ့် အခုလပိုင်း တွေမှာ ကုမ္ပဏီက လယ်သမားတွေ ခတ်ထားတဲ့ ခြံစည်းရိုးတွေ ဖျက်ပြီး သူတို့ စီမံကိန်းတွေ စတင် အကောင်အထည် ဖေါ်လာတယ်လို့ ဆိုပါတယ်။

ဒီအတွက်လည်း ခြံစည်းရိုး အဖျက်မခံတဲ့ လယ်သမား ၄ ဦးကို ရဲက တရားစွဲထားတဲ့ အတွက် လယ်သမားတွေ တရားရုံး တက်နေရတယ်လို့ ဦးဖိုးသာက ပြောပါတယ်။

"ခြံစည်းရိုး ခတ်ထားတာကို ရဲ ၃၀ လောက်က လာဖျက်ပြီးတော့ ပစ္စည်းတွေ ယူသွားပါတယ်။ ပြီးတော့ ရဲစခန်းက ဒီလယ်သမားတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲထားလို့ ရုံးချိန်းတွေလည်း သွားနေရပါတယ်ခင်ဗျ။"

မြန်မာနိုင်ငံမှာ လယ်ယာမြေ ဥပဒေသစ်ကို မကြာသေးခင်က ပြဌါန်း လိုက်ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ အသက် မဝင်သေးသလို၊ လိုအပ်ချက်တွေ အတော်များများ ရှိနေတယ်လို့ လယ်သမားအရေး ဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။

လယ်ယာမြေ သိမ်းဆည်းမှုတွေနဲ့ ပတ်သက်လို့ လယ်သမားအရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုမျိုးသန့်နဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

0:00 / 0:00