ဘိုကလေးမြို့မှာ အဖမ်းခံထားရတဲ့ ကုလဝန်ထမ်းကို ဖျာပုံထောင်ပို့

2022.06.30
ဘိုကလေးမြို့မှာ အဖမ်းခံထားရတဲ့ ကုလဝန်ထမ်းကို ဖျာပုံထောင်ပို့ ဘိုကလေးမြို့မရဲစခန်းကို တွေ့ရစဥ်
Photo: Citizen Journalist
ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က အဖမ်းခံထားရတဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ဝန်ထမ်း ကိုအောင်မျိုးသန့်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ နဲ့ အမှုဖွင့်ပြီး ဖျာပုံအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သူနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
 
ကိုအောင်မျိုးသန့်ကို ထောင်တွင်းတရားရုံးမှာ စစ်ဆေးဖို့အတွက် ပို့ဆောင်လိုက်တာလို့ သူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
“သူ့ကို ဘိုကလေးအချုပ်ကနေ ဖျာပုံ အကျဉ်းထောင်ကို ပို့လိုက်ပြီ။ အမှုကလည်း ၅၀၅ ဆိုတော့ ထောင်တွင်း တရားရုံးကနေပဲ စစ်ဆေးမှာပါ။ သူက FAO ဝန်ထမ်းအနေနဲ့ ဘိုကလေးကို ရောက်လာတာ တစ်လလောက်ပဲ ရှိသေးတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး FAO ရဲ့ Training ဆရာပေါ့။ အိမ်ထောင်မရှိဘူး။ အမေနဲ့ နေတာ။ ဇာတိက ပုဂံညောင်ဦး ဘက်ကပါ”
 
ကိုအောင်မျိုးသန့်ဟာ ဘိုကလေးမြို့နယ်က စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် NGO အဖွဲ့တစ်ခုကို နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေပေးဖို့ နေပြည်တော် FAO ရုံးချုပ်ကနေ စေလွှတ်လိုက်တဲ့ ဝန်ထမ်း တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
 
သူဟာ ဘိုကလေးမြို့က ပန်းသခင်တည်းခိုခန်းမှာ လပေးစနစ်နဲ့ ငှားရမ်းနေထိုင်စဉ် ဇွန်လ ၃ ရက်နေ့ ညပိုင်းက တည်းခိုခန်းကို ဧည့်စာရင်း ဝင်စစ်ရာမှာ သူ့ရဲ့လက်ကိုင်ဖုန်းထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာသားတွေကို လူမှုကွန်ရက်ပေါ် ရှယ်ထားတာတွေ၊ တင်ထားတာတွေ တွေ့သွားတဲ့ အတွက် တစ်ခါတည်း အဖမ်းခံခဲ့ရတာလို့ သူနဲ့ နီးစပ်သူက ပြောပါတယ်။
 
“ဖုန်းထဲမှာ တွေ့တဲ့ အချက်အလက်တွေကြောင့်ပဲ သူ့ကို ဆွဲသွားတာ။ တရားဝင် လက်ရှိ ထမ်းဆောင်နေတဲ့ UN က ဝန်ထမ်းတွေထဲမှာ ဆိုရင်တော့ သူအဖမ်းခံရတာ ပထမဆုံးပဲလို့ ပြောလို့ရတယ်”
 
လက်ကိုင်ဖုန်းကို ယူစစ်ရင်း အဖမ်းခံရတာဖြစ်လို့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ အတပ် ခံရတယ် ဆိုတာကိုသာ သိရပြီး ပုဒ်မ - ၅၀၅(က) လား၊ ပုဒ်မ - ၅၀၅ (ခ) လား ဆိုတာကိုတော့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုကြပါတယ်။
 
ကိုအောင်မျိုးသန့် အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ဘက်ကတော့ သီးခြား သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
 
ဒီကိစ္စနဲ့ပတ်သက်လို့ နေပြည်တော်မှာရှိတဲ့ FAO ရုံးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာမှာ လတ်တလော အကြောင်းမပြန်နိုင်သေးဘူးလို့ ပြောပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ နိုင်ငံတစ်ဝန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၁,၃၁၀ ဦး ရှိပြီး သူတို့ထဲက ၁၂၀၅ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။