AA ဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ လွှတ်ပေးဖို့ မိသားစုတွေ တောင်းဆို

2021.01.21

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့် သွားသလို ဖမ်းထားသူတွေထဲက တချို့ကို AA က ပြန်လွှတ်ပေးခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေရင်း ဖမ်းဆီး ခံခဲ့ရတဲ့ ရဲတပ်သားတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက လိုလားနေကြပါတယ်။ AA ပြောရေးဆိုခွင့်ရှိသူကတော့ နိုင်ငံရေးအရ ဆွေးနွေးလို့ အဆင်ပြေရင် ဒီကိစ္စတွေလည်း ပြေလည်သွားမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စတင်ဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ AA တပ်ဖွဲ့တို့ရဲ့ စစ်ပွဲတွေ အတွင်း AA ဖမ်းဆီးထားတဲ့သူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ အဖမ်းခံရသူ အရေအတွက်ကို ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပေမဲ့ မိသားစုဝင်တွေ ပြောတာကတော့ ၅၀ လောက်ရှိတယ် လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် မေ ၂၉ ရက်နေ့ညက ရသေ့တောင်မြို့နယ် သဇင်မြိုင် ရဲကင်းစခန်း ဝင်တိုက်ခံရချိန် ဖမ်းဆီးခံ လိုက်ရတဲ့ ရဲတပ်သား အောင်ထွန်းသူရဲ့ ဇနီး ဒေါ်ပြည့်ပြည့်ငြိမ်း က အခုကာလဟာ တပ်နဲ့ AA နှစ်ဖက်ဆွေး နွေးပြီး ငြိမ်းချမ်းရေးတည်ဆောက်နေချိန်ဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူ ပြန်လည်လွတ်မြောက်ဖို့ မျှော်လင့်နေ ပါတယ်။

“အခုလိုမျိုး တပ်မတော်၊ အစိုးရ၊ AA အနေနဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် တည်ဆောက်နေချိန်မှာ ပြန်လွတ်လာစေချင်တယ်။ အခုဆိုရင် လက်တွေ့မှာ စစ်သားတွေ လွတ်တယ်။ လွှတ်တော်ကိုယ်စားလှယ် တွေ လွတ်တယ်။ အခုအချိန်ထိမှာတော့ ရဲကတော့ တစ်ဦးမှ လွတ်တယ်ဆိုတဲ့ အသံမျိုးတွေ မကြားရသေး ဘူး။ ဒါပေမဲ့ နောက်ပိုင်းတွေမှာလည်း ရဲတွေ လွတ်လာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်တယ်။ အနောက်မှာ ကျန်ရှိနေတဲ့ မိသားစုဝင်တွေကို ငဲ့ညှာသနားတဲ့အနေနဲ့ အစိုးရ၊ တပ်မတော်၊ AA အနေနဲ့ အခုလို ငြိမ်းချမ်း ရေး တည်ဆောက်နေချိန်မှာ အဖမ်းခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေအားလုံးကို ပြန်လွှတ်ပေးစေချင်တယ်"

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ နှစ်နှစ်နီးပါးကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြတဲ့ မြန်မာ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ နှစ်ဖက်ကိုယ်စားလှယ်တွေဟာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အွန်လိုင်း ကနေတဆင့် အရင်ဆုံးဆွေးနွေးခဲ့ကြပြီး၊ ဒီဇင်ဘာလ ၉ ရက်နေ့က UWSA ထိန်းချုပ်တဲ့ ပန်ဆန်းမြို့မှာ တစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသလို ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း ဆွေးနွေးမှုတွေ လုပ်ခဲ့ ကြပါတယ်။

အဲဒီဆွေးနွေးပွဲတွေအပြီး ဇန်နဝါရီ ၁ရက်နေ့မှာတော့ AA အဖွဲ့က နှစ်လကျော်ကြာ ဖမ်းဆီးထားတဲ့ တောင် ကုတ်မြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း  သုံးဦးနဲ့ တိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ တပ်မ တော်သား သုံးဦးကို ပြန်လွှတ်ပေးခဲ့တာပါ။

ရဲမိသားစုဝင်တွေ စုဆောင်းထားတဲ့ အချက်အလက်တွေအရ AA က ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀ နီးပါးရှိတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက်နဲ့ ဒီရဲတပ်ဖွဲ့ဝင်တွေ လွတ်မြောက် ဖို့ ဆောင်ရွက်နေတာရှိမလားဆိုတာ သိနိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကို RFA က သုံးရက်ကြာ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ကြဘဲ ဖုန်းမက်ဆေ့ကသာ သိလိုတာကို မေးမြန်းဖို့ စာပြန်ပို့ပါတယ်။ RFA က သိလိုတာကို ဖုန်းမက် ဆေ့ကတစ်ဆင့် မေးမြန်းထားပေမယ့် ဒီနေ့အချိန်ထိ အကြောင်းမပြန်ပါဘူး။ ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက်ကို AA ပြောခွင့်ရှိသူ ခိုင်သုခကို မေးမြန်းပေမယ့် အဲဒီအချက်ကို ဖြေလို့မရဘူးလို့သာ တုံ့ပြန် ပါတယ်။

အဲဒီထဲမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သဇင်မြိုင် ရဲကင်းစခန်း တိုက်ခိုက်ခံရချိန် ဖမ်းဆီးခံရသူတွေ အပြင် သဇင်မြိုင်ကနေ စေတီပြင်ကို လစာသွားထုတ်ချိန် ဖမ်းဆီးခံရတာ၊ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်း ဆောင်ဖို့ ရွှေနဒီရေယာဉ်နဲ့ သွားချိန်တွေမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

ရွှေနဒီရေယာဉ်နဲ့ လိုက်ပါသွားချိန် ဖမ်းခံခဲ့ရတဲ့ အသက် ၅၀ အရွယ် ဒုရဲမှူး ကြည်စိုးရဲ့ဇနီး ဒေါ်စန်းစန်းမာက ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရပြီးနောက်ပိုင်း AA အဖွဲ့က တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာပဲ ခင်ပွန်းကို ပြန်မြင်တွေ့ခဲ့ ရပါတယ်။ ခင်ပွန်းဖြစ်သူက ကျန်းမာရေးမကောင်းပုံပေါ်တာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဒေါ်စန်းစန်း မာ က တောင်းဆိုပါတယ်။

"ကျွန်မအမျိုးသားက အသက်လည်း ကြီးနေပြီ။ ကျန်းမာရေးလည်း မကောင်းဘူး။ ၁၉ ရက် ၉ လ တုန်းက ဗီဒီယိုဖိုင် တက်လာတော့ သူကတော်တော်ပိန်သွားတယ်။ ကျန်းမာရေးကလည်း မကောင်းဘူး။ အဲဒါ ကြောင့် ပြန်လွတ်စေချင်ပြီ။ သူတို့ပါသွားတာကတော့ ၂၆ ရက် ၁၀ လပိုင်း ၂၀၁၉ ခုနှစ်ကပါသွားတာ။ အဲဒီကနေပြီးတော့ ၁၉ ရက် ၉ လ ၂၀၂၀ ကျတော့ ဗီဒီယိုဖိုင်တက်လာပြီးချိန်နောက်ပိုင်း သတင်းလည်း မကြားတော့ဘူး။ ဘယ်လိုအခြေအနေမှန်းလဲ မသိရတော့ဘူး။ အခု လွှတ်တော်ကိုယ်စားလှယ် သုံးယောက် နဲ့ တပ်မတော်က ပြန်လွတ်လာတယ်ဆိုတော့ ကျွန်မတို့လည်း မျှော်လင့်တာပေါ့ရှင်။ ကျွန်မတို့ အမျိုးသား နဲ့ အဖမ်းဆီးခံနေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကို လွတ်စေချင်တယ်။"

၂၀၁၉ နိုဝင်ဘာလက ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းမှာ တာဝန်ကျနေရာကနေ စစ်တွေကို အလုပ်ကိစ္စနဲ့ သွားချိန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဒုရဲအုပ် မျိုးကိုကိုရဲ့ဇနီး ဒေါ်အေးလတ်လတ်ဝင်း ကလည်း ခင်ပွန်းအပါအဝင် ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေအားလုံး လွတ်မြောက်ရေး တာဝန်ရှိသူတွေ ညှိနှိုင်းကြပါလို့ တိုက်တွန်းပါတယ်။

“ဖမ်းခံထားပြီးတော့ သုံ့ပန်းချင်း လဲလှယ်မယ်လို့ကြားတော့ အသက်ရှိသေးတယ်ဆိုတာ သိရတယ်။ အဲဒီနောက်ပိုင်း အခုအချိန်ထိ ဘာသတင်းမှ မကြားရတော့ဘူး။ ကျွန်မလည်းကလေး နှစ်ယောက်နဲ့ တော်တော်လေး အဆင်မပြေပါဘူး။ အသက်ရှိတယ်ဆိုရင်တော့ မြန်မြန်ပြန်လွှတ်ပေးစေချင်တယ်။ တစ်နှစ်လည်းကျော်လာပြီ ဘာသတင်းမှလည်း မကြားရဘူး။ ကျန်းမာရေးကောင်းလား မကောင်းလား ဆိုတာလည်း မသိရဘူး။ အသက်ရှိသေးလား ဘာလားလဲ မသိရဘူး။ အခုအချိန်မှာ ကိုယ်တစ်ဦး တစ်ယောက်တည်းရယ် မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့မှာ ဖမ်းခံထားရတဲ့သူတွေ ပြန်လွတ်စေချင်တယ်။ အကုန်ုလုံး ညှိနှိုင်းကြပါလို့"

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်း လေးခုကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး မတ်လကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ် ရဲကင်းစခန်း၊ ဧပြီ ၁၀ ရက်နေ့မှာ မြောက်ဦး ရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင် ၁၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရဲစခန်း တိုက်ပွဲတွေမှာ ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သလို၊ ရဲတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက တပ်မတော်သား အရာရှိနှစ်ဦးနဲ့ ရဲဝန်ထမ်းတစ်ဦးတို့က နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းပြီး သူတို့ကို ကယ်တင်ပေးဖို့ တောင်းဆိုတဲ့ ဗီဒီယိုဖိုင်တွေကို ၂၀၂၀ စက်တင်ဘာ ၁၉ ရက်နေ့မှာ AA က ထုတ်လွှင့်ခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်း တဲ့အခါ နိုင်ငံရေးအရ ဆွေးနွေးလို့ ပြေလည်ရင် ဒီကိစ္စတွေအကုန်လုံး ပြီးဆုံးသွားမယ့် သဘောရှိပြီး အခုချိန်မှာ ဆက်ပြီး ညှိနှိုင်းနေဆဲကာလဖြစ်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ တပ်မတော်သားတွေ အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ဆွေးနွေးမှု တွေရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“စဆွေးနွေးကတည်းက ဖမ်းဆီးခံထားရတဲ့ စစ်သည်တွေရော ဖမ်းဆီးခံထားရတဲ့သူတွေ လွှတ်ဖို့ဆို တာတော့ ဆွေးနွေးချက်တော့ရှိတယ်။ အဲဒီဆွေးနွေးချက်နဲ့ပတ်သက်ပြီးတော့ ပြန်ပြီး တုံ့ပြန်ဖို့တော့ ဘာတို့တော့ ကျွန်တော်လည်း မသိဘူး။"

အခုချိန်မှာ တပ်မတော်နဲ့ AA တို့ ညှိနှိုင်းဆွေးနွေးဆဲကာလဖြစ်တာကြောင့် ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ လွတ်မြောက်ရေးကို ထည့်သွင်းဆွေးနွေးပြီး ရဲတပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာရေးကို မိသားစုဝင်တွေက မျှော်လင့် နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။