ထိန်းသိမ်းခံ လယ်သမားများ အခြေအနေ မိသားစု မေးမြန်းမည်


2013.05.28
lpt-apr-25-305.jpg လက်ပံတောင်းဒေသခံ တောင်သူလယ်သမားတွေနဲ့ စီမံကိန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဧပြီလ ၂၅ ရက်နေ့က တွေ့ရပုံ
Photo: RFA

လက်ပံတောင်းဒေသမှာ ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ဆည်တဲရွာသား ၂ ဦးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှမသိရတာကြောင့် မိသားစုဝင်တွေ က သက်ဆိုင်ရာအဆင့်ဆင့်ကိုစာတင်ပြီး မေးမြန်းဖို့ စီစဉ်နေတယ်လို့ အဲဒီရွာသားနှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးစောကျော်ကျော်မင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က သိမ်းဆည်းခံ လယ်မြေတွေပေါ်မှာ ပြန်လည်ထွန်ယက် စိုက်ပျိုးဖို့ ရောက်ရှိလာကြတဲ့ ဒေသခံတောင်သူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး ဆည်တဲရွာသား ကိုမောင်စန်းနဲ့ ကိုစိုးသူတို့ အဖမ်းခံခဲ့ရပါတယ်။

အခုထိသူတို့ကို ဘာအမှုနဲ့ဖမ်းဆီးပြီး၊ ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာ မသိရသေးကြောင်း ရှေ့နေ ဦးစောကျော်ကျော်မင်းက ပြောပါတယ်။ မိသားစုဝင်တွေရဲ့ဆန္ဒနဲ့ ပတ်သက်ပြီး ဦးစောကျော်ကျော်မင်းက

"လက်ရှိအနေအထားမှာဆိုလို့ရှိရင် ဖမ်းဆီးချုပ်နှောင်ထားတာဟာ ရက်ပေါင်း ၃ဝ ထက် ကျော်လွန်သွားပြီဆိုတဲ့အခါကျတော့ တရားရုံးကို အမှုစွဲတင်ရမယ်၊ အမှုစွဲတင်တဲ့ကိစ္စကိုလည်း သက်ဆိုင်ရာမိသားစုဝင်တွေကို အသိပေးရမယ်၊ မိသားစုဝင်တွေရော ဆည်တဲကျေးရွာသူ ကျေးရွာသားအားလုံးကရော ဒီလိုမျိုးဖမ်းဆီးချုပ်နှောင်ထားတဲ့ အနေအထားမျိုးနဲ့ ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်၊ ရဲအဖွဲ့အစည်းအဆင့်ဆင့်ကို စာနဲ့တင်ပြတောင်းဆိုမှုတွေ ပြုလုပ်မယ်ဆိုတဲ့ အနေအထားမျိုးတွေ ရှိပါတယ်ခင်ဗျ"

အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ တည်ဆဲဥပဒေတွေနဲ့ မညီညွှတ်ကြောင်း၊ ဘယ်လိုပုံစံမျိုးနဲ့ ဖမ်းဆီးခဲ့တာပဲဖြစ်ဖြစ်၊ တစ်လကျော်သွားတဲ့အချိန်ထိ အမှုကိုရုံးမတင်နိုင်ဘူးဆိုရင်  ဖမ်းဆီးခံထားရသူကို  တည်ဆဲဥပဒေတွေအရ ပြန်လွှတ်ပေးရမှာဖြစ်ကြောင်း ရှေ့နေ ဦးစောကျော်ကျော်မင်းက ပြောပါတယ်။

ရှေ့နေ ဦးစောကျော်ကျော်မင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။